အပိုင်း ၃၅ - ညှို့ငင်အားပြင်းသော စွမ်းအားရှင်
ဖီရှို့သည် ယာယီဂရုတစ်ခုကို ဖွဲ့လိုက်၏။
လီဖန်ယု - [ ဘာလို့နောက်ဂရုတစ်ခု ဖွဲ့လိုက်တာလဲ? အစ်ကိုရှန်းကို ထည့်ဖို့ မေ့နေပြီလား? ]
ဖီရှို့ - [ သူ့ကိုဒီမှာ မရှိစေချင်လို့ပေါ့ကွ ]
လီဖန်ယု - [ သူ့နောက်ကွယ်မှာ မင်းဘာတွေလုပ်နေတာလဲ? ]
ဖီရှို့ - [ နတ်ဘုရားထန် အဲ့အထဲမှာ ရှိနေတာ ဘယ်လောက်ကြာပြီလဲ? ]
လျန်းချန် - [ မိနစ် ၂၀ လောက် ]
ဖီရှို့ - [ သူတို့ဘာအကြောင်းတွေပြောနေကြလဲဆိုတာ မင်းတို့မသိချင်ကြဘူးလား? ]
လျန်းချန် - [ ကိုယ့်အလုပ်ပဲ အာရုံစိုက်စမ်းပါ ]
လီဖန်ယု - [ ဟာ ဘာပြောစရာရှိမှာလဲ? ကုမ္ပဏီရဲ့ တိုးတက်မှုစီမံကိန်း? ဝန်ထမ်းရှာဖွေရေး? ]
ဖီရှို့ - [ မဟုတ်ဘူး ခုနကမင်းတို့မမြင်လိုက်လို့၊ နတ်ဘုရားထန်ဝင်လာတုန်းက သူ့မျက်လုံးတွေ နည်းနည်းနီနေတယ် ]
လီဖန်ယု - [ သူပင်ပန်းနေလို့ဖြစ်မှာပေါ့ ]
ဖီရှို့ - [...]
လျန်းချန် - [ အစ်ကိုရှန်းက ကုမ္ပဏီဂရုထဲမှာ စကားပြောနေပြီ ]
[ Deep Blue တက်သစ်စကုမ္ပဏီ မက်ဆေ့ချ်ဂရု ]
ဖူရှန်း - [ အခုတလော အားလုံးပင်ပန်းသွားကြပြီ၊ မနက်ဖြန်က ပိတ်ရက်ဆိုတော့ ကုမ္ပဏီကနေ ရေကူးအားကစားလှုပ်ရှားမှုတစ်ခု စီစဥ်ထားတယ်၊ စိတ်ဝင်စားတဲ့သူတွေ ပါနိုင်တယ် ]
ထိုကြေညာစာထွက်လာသည်နှင့် တစ်အုပ်စုလုံး စိတ်လှုပ်ရှားသွား၏။ ရေကူးခြင်းကို နှစ်သက်သောလူများသည် မနက်ဖြန်တွင် မည်သည့်ရေကူးဝတ်စုံအား ဝတ်ဆင်ရမည်ကို စတင်စဉ်းစားလာကြပြီး ရေကူးရသည်ကို မကြိုက်သောလူများလည်း စိတ်ရောကိုယ်ပါ လန်းဆန်းအေးချမ်းသွားသည်။
ဖူရှန်းသည် အပြင်ပန်းတွင်သာ ဖြူစင်သောပုံပေါက်သော်လည်း အလုပ်ထဲတွင်မူ အညှာအတာကင်းမဲ့သော နတ်ဆိုးဘုရင်တစ်ပါးဖြစ်၏။ ဖီရှို့နှင့် သူ၏အဖွဲ့သားများမှအပ ကုမ္ပဏီထဲရှိ အခြားလူများမှာ သူ့အား ချစ်ကြောက်လေးစားကြသည်။
ဖိအားမြင့်သောအလုပ်နှင့်အတူ ပူလောင်လှသော ရာသီဥတုကိုပါ ပေါင်းစပ်လိုက်ပါက အားလုံးမှာ စိတ်မွန်းကြပ်သလို ခံစားနေရသဖြင့် နတ်ဆိုးဘုရင်ဖူ၏ ကြေညာစာကို မြင်သောအခါ အားလုံး စိတ်လှုပ်ရှားရင်ခုန်သွားတော့သည်။
ဖီရှို့မှာလည်း အံ့အားသင့်သွားပြီး မက်ဆေ့ဂရုငယ်တွင် သူ၏အတွေးများကို ထုတ်ဖော်လိုက်သည်။
ဖီရှို့ - [ အစ်ကိုရှန်းက ဘာဖြစ်နေတာလဲ? ရုတ်တရက်ကြီး နတ်သားလေးဖြစ်သွားပါလား? ]
လီဖန်ယု - [ မဟုတ်မှလွဲရော ဒီတစ်ခေါက် နတ်ဘုရားထန်လာကြည့်ရင်းနဲ့ ငါတို့အလုပ်ကြိုးစားနေတာကို မြင်သွားပြီး သနားသွားလို့များလား? အစ်ကိုရှန်းက အမြဲတမ်း နတ်ဘုရားထန်ရဲ့စကားတွေကို နားထောင်တတ်တာပဲလေ ]
လျန်းချန် - [...]
ဖီရှို့ - [ နတ်ဘုရားထန်က စိတ်ထားကောင်းလိုက်တာ! ငါကတော့ နတ်ဘုရားထန်ကို နောက်အနှစ်တစ်ထောင်ထိ ချစ်နေတော့မှာ! ]
လျန်းချန် - [...]
ဖီရှို့ - [ ကိုချန် ဘာဖြစ်တာလဲ? ငါ့လိုမျိုး စကားပြောစရာ ရှာမတွေ့တော့ဘူးလား? ]
လျန်းချန် - [ ဂရုချက်အတွက် သုံးနေတဲ့ အင်တာနက်ဖိုးကိုလည်း နတ်ဘုရားထန် ပေးထားတာ ]
ဖီရှို့ - [ ဟာာာာ ငါတော့ နတ်ဘုရားထန်ကို ကျေးဇူးဆပ်ဖို့ အလုပ်ပိုကြိုးစားမှပဲ~ ]
[ ရုံးခန်းထဲတွင် ]
ဖူရှန်းသည် ဖုံးဖိမရနိုင်သော အပြုံးတစ်ခုဖြင့် ဖုန်းကိုချလိုက်၏။
“စီစဉ်ပြီးသွားပြီ အားလုံးပျော်နေကြတယ်”
ထန်ကျိုးသည် ခြေထောက်ကိုချိတ်၍ ထိုင်ခုံပေါ်တွင်ထိုင်ပြီး တမင်တကာ မျက်နှာကို သုန်မှုန်လိုက်သည်။
“မင်း အလုပ်လုပ်တဲ့အချိန်နဲ့ အနားယူတဲ့အချိန်ကို မျှမျှတတလုပ်မှပေါ့”
သူ၏မျက်နှာပေါ်ရှိ နီမြန်းမှုများမှာ လုံးဝမကွယ်ပျောက်သွားသဖြင့် ဖူရှန်းမှာ သူ့အား နည်းနည်းမှ မကြောက်ပေ။ ထိုအစား ထန်ကျိုးကို ပိုချစ်စရာကောင်းသည်ဟုပင် မြင်မိသည်။၏
“အင်း နားထောင်မယ်လေ၊ နောက်ကျရင် အချိန်ပိုလျှော့ဆင်းဖို့ ကြိုးစားမယ်”
ထန်ကျိုး - “... ဒီတိုင်း ကိုယ့်နှုန်းအတိုင်းသွားပါ”
သူတို့နှစ်ဦးလုံးမှာ ရည်မှန်းချက်ကြီးသူများဖြစ်သည်။ ထန်ကျိုးမှာ အလုပ်များနေလျှင် ထမင်းစားချိန်ပင် မရှိသောသူဖြစ်၍ သူများအား ဟိုလိုလုပ် ဒီလိုလုပ်ဟု ပြောခွင့်မရှိပါပေ။
ဖူရှန်း၏အကြည့်မှာ စူးရှလွန်းလှသဖြင့် ထန်ကျိုးသည် အသာအယာ ချောင်းဟန့်လိုက်သည်။
“မင်းအလုပ်ကို မနှောင့်ယှက်တော့ဘူး ငါအရင်ပြန်နှင့်မယ်”
သို့သော် သူသည် မထွက်သွားချင်သေးပေ။
သူတို့ဘာမှမလုပ်ဘဲ တစ်နေရာတည်းတွင် အတူရှိနေသည်ကပင် မိမိအတွက် ကျေနပ်စရာဖြစ်၏။
ရုပ်ရှင်နဲ့ တီဗီဇာတ်လမ်းတွဲများတွင် ရင်ခုန်ကြသော အခိုက်အတန့်များသည် လက်တွေ့တွင်လည်း တကယ်ဖြစ်လာဟန်ရှိသည်။
ဖူရှန်းသည် ရဲတင်းစွာဖြင့် သူ၏လက်ကိုဆွဲကိုင်လိုက်သည်။
“ကျွန်တော့်ကိုခဏစောင့်ပြီး အတူအလုပ်ဆင်းရအောင်၊ မကြာဘူး”
သူစကားပြောပြီးနောက် မိမိမှာ အနည်းငယ် အတင်းအဓမ္မ ဆန်သွားသလောဟု တွေးမိသဖြင့် လေသံကိုအနည်းငယ် ပျော့ပျောင်းစေလိုက်၏။
“ဒါပေမယ့် အစ်ကိုလုပ်စရာရှိတယ်ဆိုလည်း အရင်ပြန်နှင့်ပါ”
“မင်းရုံးခန်းက ဆိုဖာတစ်လုံးလောက်လိုတယ်”
ထန်ကျိုးတမင်စကားလမ်းကြောင်းလွှဲလိုက်၏။
“ဧည့်သည်တွေ ထိုင်စရာနေရာမရှိဘူးလေ”
ထိုသို့ပြောပြီးနောက် ဤရုံးခန်းမှာ ကျဉ်းမြောင်းလှသည်ဟု ထန်ကျိုးတွေးမိ၏။ သူသည် ဆက်မကြည့်ရက်တော့သဖြင့် သဘောထားကြီးစွာ ပြောလိုက်သည်။
“ဒါမှမဟုတ် ပိုကြီးတဲ့ရုံးခန်းကို ပြောင်းကြမလား?”
ဖူရှန်း ပြုံးကာ သူ၏ဆံပင်ကို ပွတ်သပ်လိုက်သည်။
“အခုလောက်ဆို ရပါပြီ”
သူသည် နောက်ပိုင်းတွင် အောင်မြင်မှုများ ရရှိလာလျှင် ရုံးခန်းကို ပြောင်းနိုင်ပေသည်။ သို့သော် ရုံးခန်းထဲတွင် ဆိုဖာလိုအပ်သည်ဟူသော အချက်မှာ အလောတကြီးလုပ်ရမည့် ကိစ္စဖြစ်၏။
ယခင်က သူသည် ကြိုဆိုစရာဧည့်သည်များ မရှိသဖြင့် ခုံအပို ရှိရှိမရှိရှိ ပြဿနာမဖြစ်သော်လည်း အနာဂတ်တွင် သူသည် တစ်စုံတစ်ဦးအတွက် နေရာထိုင်ခင်းပေးချင်လေသည်။
ထန်ကျိုးသည် ဖူရှန်း၏လက်များကို ဘေးဖယ်လိုက်သည်။
“မင်းပူလွန်းတယ်”
ဖူရှန်းသက်ပြင်းချလိုက်သည်။
“ရာသီဥတုပူရင်တော့ သဘောကျပြီး ကျွန်တော့်လက်ပူတာကိုတော့ အာရုံနောက်တယ်ပေါ့လေ”
ထန်ကျိုး - “...”
လီရှန်းဟိုတယ်ထဲတွင် သူသည် ဖူရှန်းရင်ခွင်ထဲ၌ ခွေအိပ်ခဲ့သောအချိန်ကို ပြန်စဉ်းစားလိုက်သောအခါ ထန်ကျိုး၏နားရွက်ဖျားများ နီမြန်းသွားပြီး အစောပိုင်းက ဖူရှန်း၏စကားများကို မကြားလိုက်သကဲ့သို့ သူ၏အကြည့်များကို လွှဲလိုက်၏။
ဖူရှန်းသည် သူ့ကိုမစဘဲ မနေနိုင်ခဲ့သဖြင့် စလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုတွင် သူ့ကိုနှစ်သိမ့်လိုက်သည်။
“ဒီမှာထိုင်နားလိုက်၊ အပြင်ထွက်ပြီး သူတို့နဲ့ဆွေးနွေးစရာရှိတာတွေ ဆွေးနွေးလိုက်ဦးမယ်”
ထန်ကျိုး ကျိုးနွံစွာ ခေါင်းညိတ်လိုက်သည်။
ဖူရှန်းထွက်သွားသည်နှင့် သူသည် ဖုန်းကိုခိုးထုတ်ပြီး မက်ဆေ့ချ်စာမျက်နှာထဲ ဝင်လိုက်ကာ ဖူရှန်း၏နောက်ဆုံးမက်ဆေ့ချ်ကို ထပ်ခါထပ်ခါဆိုသလို တဖွဖွရွတ်နေမိ၏။
တစ်ကြိမ်ရွတ်ပြီးလျှင် သူ၏အပြုံးသည် ပိုကြီးလာတော့သည်။
အချစ်ဟူသောအရာသည် လူကို မေ့လျော့နိုင်စွမ်းရှိစေသလို အသေးစိတ်အချက်အလက်ကအစ မှတ်မိပြီး မိမိကိုယ်ကို တရစပ်အချိုကျွေးနိုင်သော စွမ်းအားလည်းရှိပေသည်။
ယခင်က သူသည် များများစားစားမတွေးခဲ့သော်လည်း ယခုတွင် ဖူရှန်းမှာ ပထမဆုံးအကြိမ် အနည်းငယ်ခန့်မှအပ အမြဲတစေ သူအကြိုက်ဆုံးအစားအစာများကိုသာ ချက်ကျွေးခဲ့ကြောင်း မှတ်မိသွားလေသည်။
မိမိအိပ်မက်ထဲရှိ မစ္စတာဖူမှာလည်း ထိုနည်း၎င်းပင်။ ထိုအရာကြောင့် ဖူရှန်းသည် မတ်မတ်ထိုင်မိသွား၏။
သူ့ကိုယ်သူ မေးခွန်းထုတ်လိုက်သည်။ မိမိအိပ်မက်ထဲရှိ သုန်မှုန်အေးစက်သော မစ္စတာဖူသည် အဘယ်ကြောင့် မိမိ၏အကြိုက်ကိုပါ လိုက်လျောပေးခဲ့ရသနည်း?
သူ၏အိပ်မက်ထဲတွင် ဖူရှန်းနှင့်သူမှာ ရန်လိုအေးစက်သော ဆက်ဆံရေးရှိခဲ့သည်မဟုတ်လော။
ချစ်ကျွမ်းဝင်နေသော ထန်ကျိုးသည် အလွန်ပင် နက်ရှိုင်းစွာ ဇဝေဇဝါဖြစ်သွား၏။ ဖူရှန်းမှ အလုပ်ဆင်းပြီး ရုံးခန်းထဲသို့ ပြန်မလာခင်အချိန်အထိ သူသည် ငိုင်တိုင်တိုင်ဖြင့် ဖုန်းကို စူးစိုက်ကြည့်နေဆဲဖြစ်သည်။
“ဘာဖြစ်လို့လဲ?”
ဖူရှန်းသည် စိတ်ကိုမထိန်းချုပ်ထားဘဲ သူ၏ခေါင်းကိုပွတ်လိုက်ပြန်၏။
သူသည် ယခင်ကတည်းကပင် မိမိသက်တူရွယ်တူများထက် ပိုရင့်ကျက်သဖြင့် ထန်ကျိုးသည် သူ့ဆီ၌ လူငယ်ဆန်သော အငွေ့အသက်များကို မမြင်ရခဲ့ချေ။ မိမိက မှီခိုရသောလူစားမျိုးဖြစ်၏။
“ဘာလို့ ငါ့ကိုသဘောကျတာလဲ?”
ထန်ကျိုးသည် မျက်လွှာများကိုချကာ လက်ထိပ်ဖျားဖြင့် မိမိဖုန်းကာဗာကို ဆိတ်လိုက်သည်။
“အ-အရင်တုန်းက မင်းကို ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့တာလေ”
ဖူရှန်းသည် မျက်ခုံးများကိုပင့်လိုက်၏။ သူ၏ဆန်ပြုတ်ချိုချိုလေးသည် အဘယ်ကြောင့် အချိန်အတိုအတွင်း ဆန်ပြုတ်ခါးခါးလေး ဖြစ်သွားရသနည်း?
“ဘယ်လိုမျိုး ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့လို့လဲ?”
ထန်ကျိုးသည် လေးနက်တည်ကြည်စွာဖြင့် မိမိ၏ပြစ်မှုများကို စာရင်းပြုစုလိုက်သည်။
“မင်းကိုအထင်လွဲခဲ့တယ်၊ မင်းကိုအနိုင်ကျင့်ခဲ့တယ်၊ မင်းကိုအခွင့်ကောင်းယူခဲ့-“
“အစ်ကိုတစ်ယောက်ပဲ ရင်းနှီးမြှုပ်နှံချင်စိတ်ရှိခဲ့တာ”
ဖူရှန်းသူ့ကိုဖြတ်ပြောလိုက်၏။ သူ၏ပယင်းရောင်မျက်လုံးများသည် လူငယ်လေးထန်ကျိုး၏ အံ့အားသင့်သောမျက်နှာပေါ်တွင် ထင်ဟပ်သွားသည်။
“အစ်ကိုတစ်ယောက်တည်းပဲ”
ထန်ကျိုးသည် ရုတ်ခြည်းဆိုသလို ဒိန်းခနဲဆိုသလို နှလုံးသားထဲနာကျင်ပြီး မလုံမလဲဖြစ်သွား၏။ သူသည် အယူစွဲများ ကိုင်ထားလျက်ဖြင့် ဘာကိုမှ များများစားစားမတွေးဘဲ ရင်းနှီးမြှုပ်နှံလိုက်ခြင်းဖြစ်သည်။ သူသည် ဤမျှလောက် လေးလံကြီးမားသည့် ကျေးဇူးတင်စိတ်မျိုး မခံယူသင့်ပေ။
“အရင်တုန်းက ငါ့ကိုမမုန်းခဲ့ဘူးလား?”
သူသည် စိုစွတ်ကြည်လင်နေသော မျက်လုံးများကိုဖွင့်ပြီး ဖူရှန်းအား စေ့စေ့ကြည့်လိုက်၏။
ဖူရှန်း ခိုင်မာပြတ်သားစွာ ပြောလိုက်သည်။
“မမုန်းဘူး နည်းနည်းလေးမှ”
ရင်းနှီးမြှုပ်နှံငွေအတွက် လုပ်အားပေးဆပ်ခဲ့ခြင်းမှာ တရားပေသည်။
သူသည် လူမျိုးစုံကို မြင်ခဲ့ဖူးကာ ကိစ္စပေါင်းစုံကို ကြုံတွေ့ခဲ့ဖူးပြီး အတားအဆီးများကို ခံခဲ့ရဖူးသည်။ ထန်ကျိုး၏သတ်မှတ်ချက်များမှာ သူ့အတွက် မပြောပလောက်ပေ။
ကန္တာရထဲမှ ကြည်လင်သော စမ်းရေတွင်းကဲ့သို့ မိမိအား မျှော်လင့်ချက်ပေးနိုင်သည့် တစ်ခုတည်းသောအရာ ဖြစ်ခဲ့၏။
ထန်ကျိုးမှာ မိမိကိုယ်ကို အပြစ်တင်နေဆဲဖြစ်ကြောင်း မြင်သောအခါ ဖူရှန်းသည် ကိုယ်ကိုကိုင်း၍ သူ့ကိုဖက်လိုက်သည်။ သူ၏မျက်လုံးများမှာ တည်ငြိမ်နေပြီး ထန်ကျိုးအား နားလည်ပေးသောဟန်အပြည့်ရှိ၏။
“အခု အိမ်ပြန်ရအောင်”
ထန်ကျိုးသည် ခေါင်းကိုလှည့်ကြည့်လိုက်သောအခါ ပြတင်းပေါက်အပြင်တွင် နေဝင်ဆည်းဆာမှာ တောက်ပဖြာထွက်နေပြီး အောက်တွင်လည်း ကားများ ဖြတ်သန်းကူးလူးနေကြောင်း မြင်လိုက်ရ၏။ အခန်းပြင်ပရှိ ရုံးမှာမူ တိတ်ဆိတ်နေလေပြီ။
“သူတို့ ဘယ်ရောက်သွားပြီလဲ?”
“အရင်ပြန်သွားကြပြီ”
ထန်ကျိုးသည် ဤနေရာသို့ ကားမောင်းလာသောကြောင့် ဖူရှန်းကစ၍ သူ့ထံမှ ကားသော့ယူကာ ပြောလိုက်၏။
“ကျွန်တော်မောင်းမယ်”
“ငါ-“
ဖူရှန်းသည် ရုတ်ခြည်းဆိုသလို သူ့နားရွက်နားကပ်လာကာ တီးတိုးပြောလိုက်၏။
“ကျွန်တော်မောင်းချင်တယ်”
ထန်ကျိုး - “...”
ဤသည်မှာ လုံးဝသာမန်ဆန်သော စကားတစ်ခွန်းဖြစ်သော်လည်း အလွန်ပင် အဓိပ္ပာယ်ဖော်ရခက်သော ပုံစံမျိုးဖြင့် ဖူရှန်းပြောခဲ့လေသည်။
ထန်ကျိုးသည် ခရီးသည်ခုံတွင်ထိုင်ပြီး ဖူရှန်းကိုမကြည့်တော့ဘဲ ဖုန်းထဲတွင်သာ မိမိခေါင်းကို နှစ်မြှုပ်ထား၏။
ဖူရှန်းမှာမူ သူ့အား လက်လွှတ်ရန် စိတ်ကူးမရှိချေ။
“မနက်ဖြန် ဘယ်အချိန်စထွက်မှာလဲ?”
ဤနေရာမှ မြောက်ပိုင်းခရိုင်သို့ ကားမောင်းသွားရန် အနည်းဆုံး တစ်နာရီခွဲခန့်ကြာသဖြင့် သူတို့သည် စောစောစီးစီးထပြီး ပြင်ဆင်ရပေမည်။
အစောပိုင်းက ရေကူးရန် ကမ်းလှမ်းချက်မှာ ထန်ကျိုးအတွက် ယာယီအကြောင်းပြချက်သာ ဖြစ်ခဲ့သော်လည်း ယခုတွင် အသိတရားဝင်ပြီး သေချာစဥ်းစားကြည့်လိုက်သောအခါ သူ၏မြောက်ပိုင်းခရိုင်အိမ်၌ ရေကူးရုံသာ ကူးရသည်မှာ အလွန်ပင် နှမြောစရာကောင်းလှသည်ဟု တွေးမိသည်။
“အခုတလော ကုမ္ပဏီတွေက ပါတီတွေလိုမျိုး အုပ်စုလိုက်လှုပ်ရှားမှုတွေ လုပ်တတ်ကြတယ်မလား၊ မြောက်ပိုင်းခရိုင်အိမ်ကလည်း အပန်းဖြေအိမ်ဆိုတော့ ကွက်တိပဲလို့ ပြောရမယ်”
သူတို့သည် တစ်နေ့လုံး ရေကူးနေ၍ မဖြစ်ပါပေ။ ပါတီများမှာ လူတိုင်းအတွက် ဆက်ဆံရေးကောင်းများ တည်ဆောက်ရန် အခွင့်အရေးတစ်ရပ်ဖြစ်ပေသည်။
ဖူရှန်းမှာ ပါတီများအကြောင်း ကြားဖူးသော်လည်း တစ်ခါမှ မတက်ရောက်ဖူးပေ။ သို့သော် သူသည် ထန်ကျိုးစကားကို လိုက်နာလိုက်၏။
“ဟုတ်ပြီလေ ဘာတွေပြင်ရမလဲ?”
“ဟင်းအမယ်တွေ အရက်တွေ စသဖြင့်ပေါ့၊ တခြားဒန်အိုးဒန်ခွက်တွေက ဟိုမှာရှိတယ်”
“အင်း ညစာစားပြီးရင် စူပါမားကတ်ကို သွားလိုက်မယ်”
ထန်ကျိုးသည် ရုတ်ခြည်းဆိုသလို တစ်ခုခုတွေးမိသွား၏။
“ဒီညဝယ်ပြီး အဲဒီကို တန်းသွားရအောင်”
ဖူရှန်း - ???
ထန်ကျိုး မျက်တောင်ခတ်လိုက်သည်။
“ရေကူးကန်ကတစ်ခုပဲရှိတာလေ မနက်ဖြန်ကျရင် လူများမှာ”
သို့သော် ယနေ့ညတွင် သူတို့နှစ်ဦးသာ ရှိပေမည်။
ဖူရှန်း၏ရင်ခုန်သံစည်းချက် မှားသွား၏။ သို့သော် သူသည် ထန်ကျိုးပြောသောစကားကို အထင်လွဲမိမည်ကို စိုးသဖြင့် ဆူလာသောသွေးကို အတင်းအကြပ်မျိုသိပ်ကာ အိမ်သို့ အန္တရာယ်ကင်းကင်း ပြန်ရောက်နိုင်ရန် ကားမောင်းလိုက်သည်။
သူတို့သည် ဓာတ်လှေကားထဲသို့ ရောက်သောအခါ ထန်ကျိုးသည် မနေနိုင်မထိုင်နိုင်မေးလိုက်၏။
“မင်းဒီည ရေကူးချင်လား?”
ထန်ကျိုးသည် အတွေးသိပ်မရှိဘဲ လွှတ်ခနဲ ပြောမိခြင်းဖြစ်သဖြင့် အနည်းငယ်ရှက်မိနေလေပြီ။ ထို့ကြောင့် သူသည် မေးပြီးပြီးချင်း ခေါင်းကိုလှည့်ကာ မိမိဘာသာ အေးတိအေးစက်နှင့် ပြောလိုက်သည်။
“မကူးချင်လည်း ထားလိုက်ပါ”
“မဟုတ်ဘူး!”
ဖူရှန်း ကပျာကယာဖြင့် မိမိကိုယ်ကို ခုခံပြောလိုက်၏။
ထိုအချိန်တွင် ဓာတ်လှေကားတံခါးပွင့်သွားသည်။
ထန်ကျိုးသည် “ဪ” ဟူသောအသံနှင့် ဓာတ်လှေကားထဲ လှမ်းဝင်လိုက်၏။ သူ၏နှုတ်ခမ်းစွန်းများမှာ ဖုံးမဖိနိုင်အောင် အပေါ်သို့ ကော့တက်နေသည်။
မည်သို့ပင်ဖြစ်စေ ဖူရှန်းမှာ သူ၏အနောက်တွင်ရှိနေသဖြင့် သူ့အား မမြင်နိုင်ပါချေ။
ဖူရှန်းအမှန်ပင် မမြင်လိုက်ပေ။ သူသည် မက်ဆေ့ချ်တစ်စောင်ပို့ရင်း အလုပ်ရှုပ်နေ၏။
ဖူရှန်း - [ လျန်းချန် မနက်ဖြန်ကျရင် သွားမယ့်လူတွေကို လာစီစဉ်ပေးဦး ]
ဖီရှို့ - [ အစ်ကိုရှန်း မလိုက်ဘူးလား? ]
လီဖန်ယု - [ ထပ်ပြီး အလုပ်လုပ်ဦးမလို့တော့ မဟုတ်ပါဘူးနော်? ]
လျန်းချန် - [ ? ]
ဖူရှန်း - [ မနက်ဖြန်ရေကူးရုံမက ပါတီလည်းရှိမှာဆိုတော့ ပြင်ဆင်စရာရှိတာတွေပြင်ဆင်ဖို့ ငါဒီည အရင်သွားနှင့်မှာ ]
ဖီရှို့ - [ အစ်ကိုနဲ့ နတ်ဘုရားထန်ပဲလား? ]
လီဖန်ယု - [ ပါတီလား? လုပ်နိုင်တာပေါ့! ]
လျန်းချန် - [ သိပြီ ]
ဖီရှို့ - [ ပါတီလုပ်မယ်ဆိုရင်တောင် အဲ့လောက် စောစောသွားစရာမလိုပါဘူး၊ အစ်ကိုရှန်း မဟုတ်မှလွဲရော... ]
ဖူရှန်း - [ ဘာလဲ? ]
ဖီရှို့ - [ ... ]
လီဖန်ယု - [ ရယ်သေပြီ XD ]
ဖီရှို့ကြောင့် သူမျက်ရည်ထွက်လုမတတ်ဖြစ်နေလေပြီ။ အဘယ်ကြောင့် ထိုအရာကို လူရှေ့သူရှေ့ မေးလိုက်ရသနည်း!
ညနေခင်းတွင် အချိန်ဇယားကြပ်လှသဖြင့် ဖူရှန်းသည် ချိုချဉ်ဟင်းများကို ချက်ရန်အချိန်မရှိတော့သဖြင့် အိမ်ချက်ဟင်းပွဲအချို့ကိုသာ ကြော်လှော်လိုက်သည်။
ထန်ကျိုးသည် ၎င်းတို့ကိုစားရင်းဖြင့် ဖူရှန်း၏လက်များအပေါ် အကြည့်သက်ရောက်သွားသည်။
ယခင်က သူကိုင်ခဲ့ဖူးသော လက်များသည် နုနယ်မှုမရှိပါချေ။ သူ၏လက်ချောင်းများမှာ သွယ်လျသော်လည်း လက်ဆစ်များမှာ အနည်းငယ်ကြီးလှပြီး လက်ဖဝါးပြင်တွင်လည်း အသားမာများ ပြည့်နှက်နေသဖြင့် ကြမ်းရှရှ ရှိလှသည်။
ထန်ကျိုး - “အရင်တုန်းက ပင်ပန်းခဲ့မှာပေါ့”
ဖူရှန်းသည် မိမိလုပ်နေသောအရာကိုရပ်ပြီး သူ့အား မော့ကြည့်လိုက်၏။ သူ၏ဆန်ပြုတ်ချိုချိုလေးသည် အဘယ်ကြောင့် တောင်စဉ်ရေမရပြောနေရသနည်း?
“ဟင့်အင်း မပင်ပန်းခဲ့ပါဘူး”
သူသည် မိမိထက် ပင်ပန်းဆင်းရဲသောလူများကို မြင်ခဲ့ဖူးသဖြင့် မိမိဘဝအား ထိုမျှလောက် ဆင်းရဲဒုက္ခများလှသည်ဟု မထင်ဖူးချေ။
ဖူရှန်းသည် မိမိ၏ကံကြမ္မာကို ဘယ်သောအခါမှ မကျေမနပ်မဖြစ်ဖူးချေ။ သူသည် မိမိကံကြမ္မာအား အစိုးရသောလူသာ ဖြစ်ချင်မိ၏။
ထန်ကျိုးမှာ သူ၏လက်များကို စူးစိုက်ကြည့်နေဆဲဖြစ်ကြောင်း မြင်သောအခါ သူရယ်မိတော့သည်။
“ငယ်ငယ်တုန်းက အဘိုးဆီကနေ အမဲလိုက်သင်ခဲ့တာလေ၊ ဒီအသားမာတွေက လေးပစ်ရင်း ရခဲ့တာ”
“အမဲလိုက်တယ်?”
ထန်ကျိုး၏မျက်လုံးများ အနည်းငယ်ပြူးသွား၏။ သူသည် အမဲလိုက်ခြင်းကို တီဗီ၌သာ မြင်ဖူးလေသည်။
ဖူရှန်း ခေါင်းညိတ်လိုက်သည်။
“ကျွန်တော်တို့နယ်တစ်ဝိုက်က တောင်ထူတယ်လေ၊ ရွာနောက်မှာဆို တောင်တွေအများကြီးပဲ၊ အဘိုးက မကြာခဏ အဲ့တောင်တွေဆီ ခေါ်သွားပြီး ယုန်နဲ့တခြားအကောင်တွေကို အမဲလိုက်ဖို့ သင်ပေးခဲ့တာ”
ဇာတ်လမ်းမှာ စိတ်ဝင်စားစရာကောင်းသော်လည်း ထန်ကျိုးသည် ဝမ်းနည်းမှုအရိပ်အငွေ့များကိုလည်း ခံစားမိ၏။
သူမေးလိုက်သည်။
“အခုရော မင်းတောင်ပေါ်မှာ အမဲလိုက်နိုင်သေးလား?”
“ယုန်တချို့နဲ့ ကြက်တွေလောက်ပေါ့”
ဖူရှန်းပြုံးလိုက်၏။
“အခွင့်အရေးရရင် အစ်ကို့ကို ခေါ်သွားပေးမယ်လေ”
“အင်း”
ထန်ကျိုးသည် တုံ့ဆိုင်းမှုမရှိ ပြောလိုက်၏။
ဖူရှန်းသည် မိမိ၏လက်သီးဆုပ်အား နှုတ်ခမ်းပေါ်တင်ကာ မျက်နှာပေါ်ရှိ အပြုံးကို ကွယ်ဝှက်လိုက်၏။
မြောက်ပိုင်းခရိုင် အပန်းဖြေအိမ်ကြီးအနီးတွင် စျေးဝယ်ကုန်တိုက်တစ်ခုရှိ၏။ ထန်ကျိုးနှင့် ဖူရှန်းသည် ထိုနေရာသို့ ကားမောင်းသွားပြီး အသွားလမ်းတွင် ပစ္စည်းပစ္စယများကို ဝယ်ယူကာ အိမ်ကြီးဆီသို့ ရောက်သွားတော့သည်။
တရုတ်ရိုးရာစတိုင် စံအိမ်ကြီးမှာ မြို့တော်၏ စည်ကားသိုက်မြိုက်မှုနှင့် ဝေးကွာလှပြီး ဣန္ဒြေမူတစ်မျိုးဖြင့် ထူးခြားလှပနေတော့၏။
ဖူရှန်းသည် ဟင်းအမယ်များကို ရေခဲသေတ္တာထဲထည့်ပြီး ထန်ကျိုးအား လှည့်ရှာဖွေလိုက်သည်။ သူသည် ရှေးကျသော လူသွားစင်္ကြံမှတစ်ဆင့် လျှောက်သွားသောအခါ စင်္ကြံအဆုံးတွင် ရေပြာကန်တစ်ကန်ကို တွေ့လိုက်ရသည်။
ကြည်လင်လှသော ရေမျက်နှာပြင်ပေါ်တွင် ဝင်းလဲ့ဖြူဖွေးနေသော ပုံရိပ်တစ်ခုက တရစပ် ရေကူးနေပြီး သပ်ရပ်ကာ ကျက်သရေရှိသော ရေဗွက်များကို ဖြစ်စေ၏။
ထန်ကျိုးသည် ရေကန်တစ်ဖက်ခြမ်းသို့ ကူးသွားပြီးနောက် ပြန်ကူးလာသည်။
အဝေးမှ မီးရောင်များက ရေပြင်ပေါ် ထင်ဟပ်နေ၏။ ကြယ်ရောင်များဖြင့် အစက်ချထားသော လယ်ကွင်းပြင်တစ်ခုနှယ်။
ဗွမ်းခနဲဆိုသလို ရေကန်ထဲမှ ချောမောသော လူငယ်လေးတစ်ဦး တက်လာ၏။ သူ၏လက်မောင်းများမှာ ရေကန်ဘောင်ပေါ် တင်ထားသည်။ သူ၏အကြည့်များက ရှည်လျားသော လူသွားစင်္ကြံပေါ်ရှိ ဖူရှန်းနှင့် ဆုံသွားသောအခါ သူသည် ရုတ်ခြည်းဆိုသလို ပင်လယ်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော ရေနတ်ဆိုးမလေးတစ်ကောင်နှယ် ပြုံးလိုက်၏။ ထိုအပြုံးသည် လူများအား လွယ်ကူစွာပင် ပြုစားပြီး ရေထဲနစ်သွားစေနိုင်လောက်သည်။
ဖူရှန်း၏ ရင်မှာ တဒုန်းဒုန်းမြည်နေပြီး မိမိပင်မသိလိုက်ခင် ရှေ့သို့လှမ်းသွားမိ၏။ တစ်လှမ်းချင်း တစ်လှမ်းချင်းဖြင့် ညှို့ငင်အားပြင်းသော ရေနတ်ဆိုးလေးဆီ ချဉ်းကပ်လာသည်။
သူ၏ခေါင်းထဲတွင် ဘာအတွေးမှမရှိပေ။ မျက်လုံးများမှာ ရှေ့မှောက်ရှိ လူဖြင့်သာ ပြည့်နှက်နေ၏။
သူသည် ထန်ကျိုးအရှေ့တွင် ရပ်ပြီး ဖြည်းဖြည်းချင်း ဆောင့်ကြောင့်ထိုင်လိုက်သည်။
လူငယ်လေး၏မျက်လုံးများမှာ အလွန်တောက်ပနေ၏။ ဝင်းလက်နေသော ကျောက်မျက်တစ်လုံးကဲ့သို့ပင်။ ဖူရှန်းသည် စိတ်မထိန်းနိုင်သဖြင့် ထိတွေ့ချင်ဇောဖြင့် လက်ကိုလှမ်းလိုက်သည်။
ထန်ကျိုးသည် ရေအေးများကို ခပ်ထုတ်ပြီး သူ၏မျက်နှာပေါ် ဖျန်းပက်လိုက်၏။
သူ၏ပါးပြင်များမှ ရေစက်များစီးကျလာပြီးနောက် ထန်ကျိုးမှ မေးနေသည်ကို ဝိုးတဝါးကြားလိုက်ရသည်။
“အောက်ဆင်းပြီး လာမဆော့တော့ဘူးလား?”