Villain Sweet Tooth 4.2
အပိုင်း ၄.၂ - အကာအကွယ်
ထန်ကျိုးသည် စီးကရက်အား လိမ္မာကျွမ်းကျင်စွာ ဝှေ့လှည့်ကစားလိုက်ပြီး အဓိပ္ပာယ်ပါသောအပြုံးကို ပြုံးလိုက်၏။ သို့သော် သူသည် ဖူရှန်းကို ကြည့်သောအခါ အကြည့်များမှာ အေးစက်နေ၏။
"ငါတို့က ညစာအတူစားပြီး ဒီအလုပ်ကိစ္စကို ဆွေးနွေးဖို့ စီစဥ်ထားတာ မဟုတ်ဘူးလား? အစားအသောက်မပါဘဲ အလုပ်အကြောင်း ဘယ်လိုပြောမှာလဲ?"
ဖူရှန်း မျက်ခုံးတစ်ဖက် ပင့်ကြည့်လိုက်၏။
"ကောင်းပြီလေ အစ်ကိုလည်း ညစာမစားရလောက်သေးဘူးဆိုတော့ အခုသွားရအောင်"
သူသည် စကားကို ဝေ့ဝိုက်ပြောတတ်သောလူမဟုတ်ပေ။
ရုတ်ခြည်းဆိုသလို ထန်ကျိုး၏ဖုန်းသံ မြည်သွား၏။ သူသည် ၎င်းကိုမြှောက်ပြ၍ ပြောလိုက်သည်။
"ဒီညတော့ အဆင်မပြေဘူး နောက်တစ်ရက်ပေါ့"
သူသည် ဖုန်းအား အကြိမ်အနည်းငယ်ခန့် ထပ်မြည်ခိုင်းပြီးမှ ကိုင်လိုက်သည်။
"အဘိုး"
"မင်းအခု ဘယ်မှာလဲ?"
"အပြင်မှာ"
"ပြန်လာခဲ့"
"အင်း"
ဖုန်းချပြီးနောက် ထန်ကျိုးသည် စီးကရက်လိပ်အား ဘူးထဲပြန်ထည့်လိုက်သည်။
"မင်းအိမ်ကို မင်းဘာသာပြန်မလို့လား?"
ဖူရှန်း၏နှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။
"ကျွန်တော်က အကာအကွယ်တစ်ခုသာသာ ဆိုပေမယ့် အစ်ကို့ရဲ့ အမည်ခံချစ်သူပဲလေ၊ သခင်လေးထန် ပုံမှန်အားဖြင့် ကိုယ့်ချစ်သူတွေအပေါ် အဲ့လောက်ထိ ကပ်စေးနှဲတာလား?"
"ဆောရီး"
ထန်ကျိုးသည် မလှုပ်မယှက်ဖြင့် ပြန်ဖြေလိုက်သည်။
"ပထမဆုံးအကြိမ်မို့ အတွေ့အကြုံမရှိသေးလို့ပါ၊ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေး"
သူ့စကားလုံးများသည် အဓိပ္ပာယ်နှစ်ခွ ထွက်လွန်းနေသဖြင့် ဖူရှန်းသည် ထန်ကျိုးအား ဝေ့မကြည့်မိဘဲ မနေချေ။ ယခင်ကအတိုင်း တည်ငြိမ်ဆဲဖြစ်သော ထန်ကျိုးကိုမြင်သောအခါ သူသည် ပြုံးမိသွားတော့၏။
ဂုဏ်ရှိန်ဂုဏ်ဝါကြီးလှသော သခင်လေးထန်ကျိုးသည် သူအစက ထင်ထားခဲ့သည့်အတိုင်း စိတ်ဝင်စားစရာမကောင်းသောသူ မဟုတ်ပါပေ။
သူတို့သည် စကားတစ်ခွန်းမျှမဟဘဲ ကားမောင်းသွားတော့၏။ မကြာမီတွင် ကားသည် ကျန်းချန်တက္ကသိုလ်၏ ဝင်ပေါက်အရှေ့တွင် ရပ်လိုက်သည်။
တက္ကသိုလ်ညစျေးသည် ပုံမှန်အားဖြင့် အတော်အတန် စည်ကားသိုက်မြိုက်ပြီး တက္ကသိုလ်ဂိတ်နားရှိ နယ်မြေတစ်ဝိုက်မှာ လူများဖြင့် အုံတိုးနေသည်။ လမ်းဘေးဆိုင်များမှ ပျံ့လွင့်လာသော အစားအသောက်ရနံ့များကြောင့် ထန်ကျိုး၏ ဆာလောင်မှုများ ကြွတက်လာပြီး ရုတ်ခြည်းဆိုသလို သူ၏ဗိုက်သည် ဂွီခနဲ မြည်သွား၏။
ဖူရှန်းသည် ခပ်ဟဟရယ်ပြီး သူ၏ကားထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်သည်။
"ဒီမှာ ခဏလောက်စောင့်နေဦး"
ထန်ကျိုးသည် သူ့အား ဂရုမစိုက်ဘဲ ပြန်နိုင်သော်လည်း မည်သည့်အကြောင်းရင်းကြောင့်မှန်းမသိ ကားစက်ကို မနှိုးခဲ့ချေ။
ယခုတွင် သူသည် ပုံမှန်လုပ်နေကျနည်းများနှင့် ကွဲပြားသောအရာကို လုပ်ချင်ပြီး အသစ်အဆန်းများကို တွေ့ကြုံဖူးလိုသောကြောင့် ဖြစ်မည်။
လူများနှင့် စည်ကားနေသော ညစျေး၊ အကင်ဆိုင်များမှ ထွက်လာသော မီးလျှံနှင့် မီးခိုးများ၊ ဖက်ထုပ်ဆိုင်များမှ ပျံ့တက်လာသော အခိုးငွေ့များ၊ စျေးသည်နှင့် စျေးဝယ်သူကြားမှ အသက်ဝင်နေသော စကားအခွန်းအတုံ့များ စသည်တို့သည် ပတ်ဝန်းကျင်ကို မြူးကြွစိုလွင်စေ၏။
ထန်ကျိုးသည် ဆူညံသံများ၊ ရုတ်ရုတ်သဲသဲပွဲများအား မနှစ်မြို့သဖြင့် ဤနေရာသို့ တစ်ခါမှ မရောက်ဖူးချေ။ သို့ရာတွင် ပထမဆုံးအနေနှင့် သတိတကြီး ကြုံတွေ့ခံစားလိုက်သောအခါ အံ့သြလောက်စရာကောင်းအောင် နှစ်လိုဖွယ်ကောင်းကြောင်း သိလိုက်ရသည်။
အနည်းဆုံးအနေဖြင့် သူ၏ အေးစက်ပြီး လူသူမဲ့သောအိမ်ထက်စာလျှင် များစွာ နွေးထွေးပေသည်။
များမကြာမီတွင် ဖူရှန်းသည် အိတ်တစ်အိတ်နှင့်အတူ ပြန်လာပြီး ကားပြတင်းပေါက်မှတစ်ဆင့် ကမ်းပေးလိုက်၏။
"အိမ်ပြန်ကားမောင်းပို့ပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်"
ထန်ကျိုးသည် တုံ့ဆိုင်းနေပြီး အိတ်ကို စူးစိုက်ကြည့်လိုက်သည်။
"ဒါကဘာလဲ?"
"ပင်လုံးကြိုင် ကောက်ညှင်းလုံး"
အပြာရောင်ပလတ်စတစ်အိတ်ထဲတွင် ပလတ်စတစ်အကြည်သား အဖုံးနှင့် စက္ကူပန်းကန်လုံးတစ်ခွက်နှင့်အတူ တစ်ခါသုံးတူနှင့် ပလတ်စတစ်ဇွန်းက မုန့်ထုပ်နံဘေးတွင် လှဲလျက်သားရှိနေသည်။
ထန်ကျိုးသည် နှုတ်ခမ်းများကိုစေ့၍ ဤအရာမှာ စား၍ရသလောဟု စဉ်းစားတွေးတောမိသွား၏။ သို့သော် ထိုအရာကို မေးလိုက်လျှင် အတော်ပင် မြင်ပြင်းကတ်စရာဖြစ်မည်ဟု သိသဖြင့် ထိုမေးခွန်းကို မဟလိုက်ချေ။
ဖူရှန်းသည် လူများ၏အကြည့်ကို အကဲခတ်ဖတ်ရှုရာ၌ အလွန်ပင် ကျွမ်းကျင်သဖြင့် ထန်ကျိုး၏ တုံ့ဆိုင်းမှုကို နားလည်သွားဟန်ရလေသည်။ ထို့ကြောင့် သူသည် ကားထဲသို့ တစ်ဖန်ပြန်ဝင်ပြီး အဖုံးကိုဖွင့်လိုက်သည်။ ချိုမြိန်သော ပင်လုံးကြိုင်ပန်းရနံ့နှင့် ဖက်ထုပ်လုံး၏ မွှေးရနံ့များက ချက်ချင်းဆိုသလို ကားထဲ ဖုံးလွှမ်းသွားတော့သည်။
ထန်ကျိုး၏ ဆာလောင်မှုသည် ပို၍ပြင်းထန်လာပြီး သူ၏အကြည့်များသည် မသိလိုက်ဘာသာဖြင့် နှင်းလုံးသဖွယ် ဖြူဖွေးနေသော ဖက်ထုပ်လုံးများဆီမှ မခွာနိုင်ဖြစ်သွား၏။
"ဒီစျေးဆိုင်တွေအားလုံးက ယုံကြည်လို့ရတယ်၊ သူတို့ဆိုင်းဘုတ်စာတန်းတွေကို ကြည့်လိုက်လေ အကုန်လုံးက စတိုင်အတူတူပဲ၊ ဒါကိုစားလို့ ဗိုက်အောင့်တာမျိုးမဖြစ်ဘူး"
ဖူရှန်းသည် သူ့အား ပန်းကန်လုံးကို ကမ်းပေးလိုက်သည်။
"စားကြည့်လိုက်"
မွှေးရနံ့သည် သူ၏နှာခေါင်းဝနား ဝေ့ဝဲနေသည်။ ထန်ကျိုးသည် တစ်နေ့လုံး ဘာမှမစားထားသဖြင့် ဆက်မအောင့်အည်းနိုင်တော့ဘဲ ဆာလောင်နေသောစိတ်ကို အလိုလိုက်၍ တစ်လုတ်မျှ ကိုက်လိုက်သည်။
ချိုမြိန်မွှေးကြိုင်သောအရသာက သူ၏နှလုံးသားထဲသို့ တန်းဝင်သွားသည်။ ပူနွေးချိုမြမှုနှင့်အတူ နူးညံ့ထွေးအိသော မုန့်သားကြောင့် သူသည် ပျော်ရွှင်လွန်းသဖြင့် ပေါက်ထွက်လုမတတ် ခံစားလိုက်ရသည်။
သူသည် ဣန္ဒြေမထိန်းနိုင်တော့ဘဲ ဖက်ထုပ်များကို မရပ်မနားဖြင့် တစ်လုံးပြီးတစ်လုံး ကောက်စားလိုက်သည်။ ဖက်ထုပ်များ အတော်အတန်စားပြီး ဗိုက်ဆာသောစိတ်လည်း ပြေပျောက်သွားသောအခါ မရပ်ချင်ရပ်ချင်ဖြင့် ရပ်လိုက်တော့၏။ ထို့နောက် သူ၏အာခေါင်ကိုစွတ်ရန် ဟင်းရည်တစ်ငုံစာမျှ သောက်လိုက်သည်။
လူငယ်လေး၏ ပန်းရောင်နှုတ်ခမ်းပါးများသည် ကြည်လင်၍ ရောင်ပြန်ဟပ်နေသော ဟင်းရည်ဖြင့် ပေကျံသွားပြီး စွပ်ပြုတ်ဖက်ထုပ်များပြည့်နေသော သွယ်လျသည့်ပါးပြင်မှာ ဝါးနေရင်း ဖွင့်ချည်ပိတ်ချည် ဖြစ်နေ၏။ ပါးပေါ်ရှိ အဖုအထစ်ကြီးမှာသူ၏ပုံမှန်အေးတိအေးစက်နိုင်သော အသွင်အပြင်အား လုံးဝ နူးညံ့သွားစေသည်။ ဖူရှန်း၏ ရှုထောင့်အရ ထန်ကျိုး၏ပုံစံကိုပင် အတန်ငယ်မျှ ချစ်စရာကောင်းသွားစေသည်ဟု ထင်မိသည်။
ထန်ကျိုးအား ဝေ့ကြည့်ရင်း သူ၏မျက်ထောင့်စွန်းတွင် ပြုံးရိပ်သန်းသွားသည်။ ထန်ကျိုးမှ ဖက်ထုပ်များအားလုံး စားပြီးကြောင်း မြင်လိုက်ရသောအခါ သူသည် သိတတ်စွာဖြင့် ပြောလိုက်၏။
"ကျွန်တော် အဆောင်ပြန်တော့မယ်"
ထို့နောက် သူသည် ကားထဲမှ ဝှစ်ခနဲ ထွက်သွားတော့သည်။
အနီးအနားတွင် မည်သူမှမရှိသောကြောင့် ထန်ကျိုးသည် ပို၍စိတ်အေးသက်သာစွာဖြင့် ဖက်ထုပ်စွပ်ပြုတ်တစ်ပန်းကန်လုံးကို အပြတ်ရှင်းပြီး သက်ပြင်းချလိုက်သည်။
၎င်းတို့သည် အမှန်ပင် အရသာရှိပေသည်။
ဆာလောင်မှုကို ဖြေဖျောက်ပြီးသောအခါ မကြာခင်တွင် ဒေါသပုန်ထနေသည့် အဘိုးဖြစ်သူနှင့် တစ်ပွဲတစ်လမ်းနွှဲရန် စိတ်ပြင်ဆင်လိုက်တော့သည်။ ထန်ကျိုးသည် မျက်လုံးများကို မှေးလိုက်၏။ သူ၏အထဲတွင် စိတ်ခိုင်မာပြတ်သားမှုနှင့် တိုက်ခိုက်ရေးစွမ်းအားများ ပြည့်လျှံလုမတတ်ဖြစ်နေသည်။
အစက သူသည် ထန်မိသားစု၏ အိမ်တွင်း အကျင့်ပျက်ခြစားမှုကို ဘယ်သောအခါမှ စိတ်မဝင်စားခဲ့ချေ။ ဤကိစ္စကြောင့် သူ၏အဘိုးသည် သူ့အား ထန်မိသားစု၏ အာဏာပိုင်နေရာမှ ဖယ်ရှားလိုလျှင် သူသည် ဝမ်းမြောက်ဝမ်းသာဖြင့် လက်ခံပေမည်။
ထိုအရှုပ်ထုပ်များကို လိုချင်သောသူ ယူသွားနိုင်သည်။
ထန်ကျိုးသည် ထန်အိမ်တော်ဆီသို့ မောင်းသွားလိုက်ပြီး အိမ်တော်ထိန်းဖြစ်သော ဦးလေးဖန်မှာ ဂိတ်ဝတွင် စောင့်နေပြီဖြစ်၏။ သူကိုယ်တိုင် ထန်ကျိုးအတွက် ကားတံခါးကိုဖွင့်ပေးပြီး စိတ်အားထက်သန်စွာဖြင့် အကြံပေးလိုက်သည်။
"သခင်လေး၊ ဥက္ကဌထန်က အတော်လေး စိတ်တိုနေပါတယ်၊ သတိထားပါ"
ထန်ကျိုးသည် အသာအယာခေါင်းညိတ်ပြပြီး ခန်းမတွင် ဖိနပ်လဲစီးကာ စာကြည့်ခန်းထဲသို့ ဦးတည်သွားလိုက်သည်။
အကြီးအကဲထန်သည် ဥစ္စာပစ္စည်းကြီးပွားလာပြီး သူ၏မိသားစုမှာလည်း အလိုလို ကြွယ်ဝချမ်းသာလာသောအခါတွင် ဣန္ဒြေရှိ အထက်တန်းစားယောက်ျားတစ်ဦး၏ပုံစံအတိုင်း နေထိုင်ခဲ့သည်။ သူ၏စာကြည့်ခန်းထဲ၌ အလှဆင်ပစ္စည်းများ၊ လက်ရေးပန်းချီများ၊ ဆေးပန်းချီများ မျိုးစုံ ပြည့်နှက်နေ၏။ သို့သော် စာပေအငွေ့အသက်များမှာ မရှိသလောက်ဖြစ်ပြီး ငွေနံ့မှာ ထင်မှတ်မှား၍မရလောက်အောင် ထွက်ပေါ်နေ၏။
ထန်ကျိုးဝင်လာသည်နှင့် အဘိုးကြီး၏ ကြိမ်းမောင်းသံမှ သူ့အား ကြိုဆိုလိုက်သည်။
"ဒီကောင်လေးတော့ အတော်အတင့်ရဲနေပြီပဲ! ဒီလိုပွဲမျိုးမှာ ယောက်ျားတစ်ယောက်နဲ့ ပလူးပလဲနေတယ်တဲ့လား! မင်းကတော့ မျက်နှာပျက်မှာကို မကြောက်ဘူးဆိုပေမယ့် ငါကတော့ ကြောက်တယ်ကွ!"
အသက် ၇၀ နီးပါးရှိပြီဖြစ်သော သက်ကြီးရွယ်အို အဘိုးကြီးသည် နူးညံ့အိစက်သော ကူရှင်များ ထပ်ထားသည့် မဟော်ဂနီထိုင်ခုံပေါ်တွင် ထိုင်ကာ ထန်ကျိုးအား စိန်းစိန်းဝါးဝါး ပြူးကြည့်နေသည်။ သူ၏မျက်နှာပေါ်တွင် "မိသားစုအား စိတ်ပျက်အရှက်ရစေရန်ကော" ဟူသော မျက်နှာထားက ရှင်းလင်းသိသာနေ၏။
ထန်ကျိုးသည် တည်ငြိမ်စွာဖြင့် အကြီးအကဲထန်မှ သူ့အား အချိန်အတော်ကြာ အော်ငေါက်ဆူပူနေသည်ကို ခံယူလိုက်သည်။ ထို့နောက်မှ
"ကျွန်တော် လက်မထပ်ချင်ဘူး"
သူသည် မအောင်မြင်သော အိမ်ထောင်တစ်ခု၏ အသီးအပွင့်ဖြစ်သဖြင့် အိမ်ထောင်တစ်ခုကို တည်ဆောက်ရန် စိတ်မဝင်စားပါချေ။ မပျော်ရွှင်ရသော အိမ်ထောင်သည်ဘဝဖြင့် နေရမည့်အစား အစကတည်းက လက်မထပ်ဘဲနေသည်က ပိုကောင်းသည်ဟု ယုံကြည်ထား၏။
အဘိုးထန်သည် ဣန္ဒြေကို ပြန်ဆယ်ပြီး ထန်ကျိုးမျက်နှာကို ဖောက်ထွင်းနေသကဲ့သို့ စူးရှသောအကြည့်များဖြင့် ကြည့်ကာ ခိုင်မာသောလေသံဖြင့် ပြောလိုက်၏။
"မင်းဘာသာ ယောက်ျားကြိုက်ကြိုက် မိန်းမကြိုက်ကြိုက် ငါဂရုမစိုက်ဘူး၊ မင်းအိမ်ထောင်ပြုကိုပြုရမယ်"
"ဘာလို့လဲ?"
ဤသည်မှာ အိပ်မက်ထဲတွင် ထန်ကျိုးမေးချင်ခဲ့သော စကားလုံး ၃ လုံးဖြစ်သည်။ သူသည် မိသားစုအတွက် များစွာ ကြိုးစားအားထုတ်ပေးခဲ့သည့်တိုင် သူ၏အဘိုးသည် အဘယ်ကြောင့် အနှစ်သာရမဲ့သော ဂုဏ်ဒြပ်များနှင့် အပေါ်ယံဆန်သော အမည်ခံသိက္ခာကိုသာ ဂရုစိုက်နေရသည်ကို သူသိချင်မိ၏။
ထိုကြာရှည်မခံသော အရာများသည် နှစ်ပေါင်းများစွာ သူပေးစွမ်းခဲ့သော မေတ္တာထက် ပိုတန်ဖိုးကြီးသလော?
ထန်ကျီဟွားသည် သက်ပြင်းပျပျချလိုက်သည်။
"အားကျိုး မင်းက ထန်မိသားစုရဲ့ အမွေကို ဆက်ခံမယ့်လူပဲ၊ မင်းမှာ အဲဒီလိုလုပ်ဖို့ တာဝန်ရှိတယ်"
ထန်ကျိုးသည် မျက်လုံးကိုပင့်ကြည့်ကာ အဘိုးဖြစ်သူနှင့် စက္ကန့်ပိုင်းမျှ အကြည့်ချင်းဆုံလိုက်သည်။ ထို့နောက် အေးအေးလူလူဖြင့် အဘိုး၏စကားကို ပြန်ပြောလိုက်၏။
"ကျွန်တော်က လက်ထပ်ဖို့ ငြင်းမယ်ဆိုရင်ရော?"
ထန်ကျီဟွားသည် ပို၍လေးနက်စွာ မျက်မှောင်ကိုကြုတ်လိုက်သည်။
"အားကျိုး ငါ့ကိုလာမရစ်နဲ့"
"ရစ်နေတာမဟုတ်ဘူး"
ထန်ကျီဟွားသည် ဤစကားအား ဆက်ပြောချင်စိတ်မရှိကြောင်း သိသာ၏။
"ငါပင်ပန်းနေပြီ ဒီနေ့တော့ ဒီလောက်ပဲ၊ မနက်ဖြန်ကျ တုမိသားစုအိမ်ဆီသွားပြီး တောင်းပန်ဖို့ မမေ့နဲ့"
ထန်ကျိုးသည် ဂရုမစိုက်သော မျက်ဝန်းများဖြင့် စာကြည့်ခန်းမှ ထွက်လာလိုက်သည်။
တုရိုယူသည် ထန်ထျန်းယန်နှင့် အဆက်အသွယ်ရှိနှင့်လေပြီ။ သူတို့သည် သူတို့၏ဆက်ဆံရေးကို လျှို့ဝှက်ထားကြ၏။ ထို့ကြောင့် သူ့ဘက်က တောင်းပန်ရန် မဖြစ်နိုင်ပါချေ။
သူသည် ထန်အိမ်တော်မှ ထွက်လာသောအခါတွင် မက်ဆေ့ချ်တစ်စောင်ကို ရလိုက်သည်။
ဖူရှန်း- [ မနက်ဖန် ဂျူရှန်းဥယျာဉ် ညနေ ၆ နာရီ၊ အစ်ကိုအားလား? ]
ထန်ကျိုး၏နှုတ်ခမ်းစွန်းများ အသာအယာ ပင့်တက်သွားပြီး အလျင်အမြန် ပြန်ဖြေလိုက်၏။
[ အားတာပေါ့ ]
နောက်ဆုံးတွင် သူ့အား ဆိုးဆိုးဝါးဝါးဖြင့် စိတ်မမွန်းကြပ်စေသောအရာတစ်ခု ပေါ်လာလေပြီ။