CHAPTER (23-1)

118 17 0
                                    

နှစ်ရက်ခန့်ကြာပြီးသောအခါ ရွမ်ယွီ၏ အမှုသည် ချောမွေ့စွာ ပြီးဆုံးသွားတော့သည်။ ချန်ရှီရှီကမူ တရားခွင်သို့ ရောက်မလာရုံသာမက အကြောင်းကြားစာများကိုလည်း တုံ့ပြန်ခြင်းမပြုခဲ့ချေ။ ရက်ချိန်းများမှာ တရားဝင်အောင် ပြုလုပ်သော အဆင့်တခုသာ ဖြစ်လေသည်။

တရားလိုထံတွင် အမှုအတွက် သက်သေအပြည့်အစုံရှိရုံသာမက တရားပြိုင်ကလည်း လက်လျှော့သွားသဖြင့် တစ်ပတ်အကြာတွင် တရားလိုအား အနိုင်ပေးလိုက်ကြောင်း တရားရုံးက စာထုတ်ပေးလို့လာသည်။

ရွမ်ယွီ ‌တရားရုံး၏ နောက်ဆုံးဆုံးဖြတ်ချက်ကို weiboတွင် တင်လိုက်သည်။ ထိုညမှာပဲ  လျိုမောက်က မြို့ထဲ၌ ညစာစားရန် ဖိတ်ကြားလာခဲ့သည်။

လျိုမောက်၏ဆင်ခြေမှာ ဂုဏ်ပြုပေးရန်ဟူ၍ ဖြစ်ပေသည်။ ရွမ်ယွီက သဘောတူလိုက်ခြင်းမှာလည်း လျိုမောက်အား ကျေးဇူးတင်လို၍သာ ဖြစ်သည်။

ရွှီဟွိုက်စုန့်ကတော့ အမေရိကန်သို့ ပြန်ရောက်နေပြီဖြစ်ကြောင်း ရွမ်ယွီ သိထားသော်လည်း ညစာစားပွဲမတိုင်မီ ကျေးဇူးတင်ကြောင်း စာပို့ထားလိုက်သေးပေသည်။

ရွှီဟွိုက်စုန့် အသံဖိုင်ဖြင့် အကြောင်းပြန်လို့လာသည်။ " ပြီးရင်တော့ ကျွန်တော်လည်း ..... "

ထိုအချိန်မှာပဲ နောက်မှ အမျိုးသမီးအသံတစ်ခုထွက်လာလေ၏ ။ "ဟွိုက်စုန့် နင့်အမြင်က....."

အသံဖိုင်တွင် ထိုမျှသာ ပါလေသည်။

သုံးစက္ကန့်ကြာသောအခါ ထိုအသံဖိုင်ကို တစ်ဖက်လူမှ ပြန်ဖျက်သွားခဲ့လေသည်။

ရွမ်ယွီမှာ ဘာဖြစ်‌သွားမှန်းမသိသဖြင့် အတန်ငယ် ဇဝေဇ၀ါဖြစ်သွားမိတော့သည်။

ဖုန်းကိုကိုင်ထားရင်း ခေတ္တမျှငြိမ်ကာ ဆက်စောင့်နေလိုက်ပါသော်လည်း စာထပ်ပို့လာခြင်းမရှိသဖြင့် စောစောက အသံဖိုင်ကို မကြားလိုက်သကဲ့သို့ ဟန်ဆောင်ကာသာ စာထပ်ပို့လိုက်တော့သည်။ [ ဘာတွေများ ပြန်ဖျက်လိုက်တာလဲ ၊ မစ္စတာရွှီ ]

ရွှီဟွိုက်စုန့် : [ ဘာမှ မဟုတ်ပါဘူး ]

ထို့နောက် ဘာမှ ထပ်မပို့ဖြစ်တော့ချေ။

ကြမ္မာဖန်သော ပျော်ရွှင်မှုWhere stories live. Discover now