2 [ Unicode ]

96 10 2
                                    

အိမ်ဝင်းထဲကို အနက်ရောင်ကားကြီး ဆိုက်ရောက်လာသည်နှင့် ခြံဝင်းထဲမှအလုပ်သမားများအားလုံး ပြာယာခတ်သွားတော့သည်။

ဒီနေ့ Edron က ခါတိုင်းထက်စောပြီး ပြန်ရောက်လာတာကြောင့် လုပ်စရာရှိတာတွေကို အားလုံး မြန်မြန်ဆန်ဆန်လုပ်ကိုင်နေကြရသည်။

ကားစက်ရပ်လိုက်ပြီးနောက် ကားနားမှာအသင့် ရပ်စောင့်နေသည့် အလုပ်သမားကောင်လေးက Edron ရှိနေသည့် ညာဘက်ခြမ်းမှတံခါးကို တရိုတသေလေးဖွင့်ပေးလာသည်။

'' ကျေးဇူးပဲ ''

Edron ရဲ့စကားကို အလုပ်သမားကောင်လေးက ပြုံးရွှင်စွာလက်ခံပြီးမှ Edron လက်ထဲက အမျိုးသားကိုင်အိတ်ကို ကိုင်ပေးရန် လက်ကမ်းလိုက်သည်။

'' ဆရာ ဒီနေ့ စောရောက်လာတယ်နော် ''

'' အင်း ''

Edron က ထိုမျှသာပြောပြီး အိမ်ထဲကိုတန်းဝင်သွားသော်လည်း အလုပ်သမားကောင်လေးကတော့ သူ့ဆရာရဲ့နောက်ကျောကိုကြည့်ကာ မျက်လုံးထဲကနေလည်း လေးစားချစ်ခင်မှုများ ဖြာထွက်နေသည်။

သူတို့ရဲ့အလုပ်ရှင်က ရုပ်ရည်ချောမောရုံသာမက ၊ ကျိကျိတက်ချမ်းသာသော်လည်း ပုံမှန်အချိန်တွေမှာ သူတို့ကိုဘယ်တော့မှ အထက်စီးကနေမဆက်ဆံတတ်။ အမှားလုပ်ထားမှသာ ပြင်းပြင်းထန်ထန်ဆူပြောတတ်ပြီး အခွင့်အရေးလည်း နောက်တကြိမ်ပေးတတ်လေ့မရှိ။

နောက်တကြိမ်အခွင့်အရေးမရနိုင်သော ဒီအိမ်ကြီးရဲ့ အလုပ်သမားဖြစ်ရတာကို ဂုဏ်ယူနေကြသော အလုပ်သမားတိုင်းကလည်း ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင်ဆောင်ရွက်ကြကာ Edron Minn ဆိုသည့် သူတို့သခင်ကို ရိုသေလေးစားချစ်ခင်ကြသေးသည်။

Edron အိမ်ထဲရောက်တာနဲ့ ခါတိုင်းလိုရှုပ်ပွမနေဘဲ ရှင်းလင်းနေသော ဧည့်ခန်း​ကြောင့် မျက်ခုံးပင့်သွားရသည်။

သူပြန်ရောက်တာက စောသွားလို့လား။

'' အစ်ကိုလေး ၊ ပြန်ရောက်ပြီလားရှင့် ။ ဒီနေ့စောတယ်နော် ''

အိမ်အကူကောင်မလေးတစ်ယောက်က
Edron ဆီပြေးလာပြီး Edron ချွတ်ပေးလိုက်သော ကုတ်အိင်္ကျီကိုအသာယူလိုက်သည်။

MAJESTY Where stories live. Discover now