အချိန်အားဖြင့် သန်းခေါင်ယံရောက်နေပြီဖြစ်ပေမယ့် ရွာထဲမှဘာသတင်းမှမကြားရသေး။ ကျုပ်ကတော့ ထိုင်ရမလား ထရမလားနဲ့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတယ်ဗျ။ ဘာလို့လဲဆိုတော့ သူတို့အသည်းအသန်လိုက်ရှာနေကြတဲ့သူက ကျုပ်ဆီကိုတန်းတန်းမတ်မတ် ရောက်လာတာကိုးဗျ။ ပြီးတော့ ရွာထဲ သတင်းသွားမေးတဲ့ကျုပ်ကို ကျုပ်နဲ့ဘာဆိုင်လဲဆိုပြီးမေးပြီးတော့ အိမ်တောင်ပြန်ပို့သွားသေးတယ်ဗျာ၊ ကျုပ်တော့ဒီလူကြီးနဲ့ခက်တော့ ခက်နေပြီဗျ။
မကြာလိုက်ပါ ကျုပ်ရွာထဲပြန်ဘဲသွားရမလားဆိုပြီး စဉ်းစားနေတုန်း၊ အိမ်ရှေ့က လူတစ်ယောက်ခေါ်သံကိုကြားရတယ်ဗျ။ ဒါနဲ့ကျုပ်လည်း အိမ်အောက်ကို အပြေးဆင်းကြည့်တော့ ဝင်းအေးနဲ့ ဝင်းသိန်း အမွှာညီအကိုထဲက အကိုဖြစ်သူ ဝင်းအေးဗျ။ မီးတုတ်ကြီးကိုင်ပြီး ချွေးသံတရဲရဲနဲ့ အိမ်ထဲ ပြေးဝင်လာတာကြောင့် ကျုပ်လည်း အတော်လန့်မိသွားသည်။
“ ဗျို့ ကိုဝင်းအေး ဘာများဖြစ်လာတာလဲဗျာ ခင်များကြည့်ရတာ မောဟိုက်နေတာဘဲ ”
“ ဆရာ ဆရာဝန်ငယ် ကျုပ်နောက်အမြန်လိုက်ခဲ့ပါ၊ အရေးပေါ်ဖြစ်နေလို့ ”
အရေးပေါ်ဆိုတဲ့အသံကြားတာနဲ့ချက်ချင်း ကျုပ်လည်း အိမ်ပေါ်ပြေးတတ်ကာ ဆေးအိတ်ကိုအပြေးသွားယူလိုက်တယ်ဗျ။ ဘယ်သူဘာဖြစ်မှန်း သေချာမသိပေမယ့် အဓိက က ကျုပ်ကဆရာဝန်ဖြစ်နေတော့ ကျုပ်တာဝန်ဖြစ်နေပြီပေါ့ဗျာ။
ကျုပ်အိတ်ကိုယူပြီး အောက်ထပ်ပြေးဆင်းကာ ကိုဝင်းအေးနောက် လိုက်ခဲ့လိုက်တယ်ဗျ၊ ဒါပေမယ့် ကျုပ်ခြံဝန်းအပြင်ကို ခြေချလိုက်တာနဲ့ချက်ချင်း ကြက်သိမ်းမွှေးတွေတကိုယ်လုံး ထသွားကာ တုန်တက်သွားတယ်ဗျာ။ ဒါနဲ့ကျုပ်လည်း နောက်ကိုတချက်ပြန်လှည့်ကြည့်တော့ အိမ်ရှေ့က လက်ပံပင်2ပင်က ဝေ့ယမ်းနေကာ လေအေးကကျုပ်ဘေးနားကဖြတ်သွားသလိုပင် အေးစိမ့်စိမ့်ခံစားချက်ကိုရလိုက်တယ်ဗျ။ ကျုပ်လည်း ဂရုမမှုမိဘဲ ကိုဝင်းအေးနောက်သာ ထပ်ချပ်မကွာ လိုက်ခဲ့လိုက်သည်။
ကျုပ်တို့သွားရင်း တဖြည်းဖြည်း ကျုပ်ဆေးခန်းနားတောင်ရောက်လာပြီဗျာ၊ ဒါပေမယ့် သွားရင်းသွားရင်းနဲ့ ကိုဝင်းအေးခြေလှမ်းတွေက ခုနလောက် အလျင်စလိုမဟုတ်တော့တာကို ကျုပ်သတိထားမိလိုက်တယ်ဗျ။ ခြေလှမ်းတွေက နှေးသွားကာ ပုံမှန်ပြန်ဖြစ်သွားပြီး လူကလည်းအေးဆေးနေတာကြောင့် ကျုပ်သံသယဝင်ကာ စကားဆိုလိုက်တယ်။
DU LIEST GERADE
စိမ်းရက်လေသလား
Romantikမိသားစုဂုဏ်အရှိန်အဝါကြီးမားသည့်အပြင် အဘက်ဘက်ကပြည့်စုံတဲ့ အသက်ငယ်ငယ်ဘိလပ်ပြန်ဆရာဝန်တစ်ဦးနှင့် လက်ပံကုန်းရွာမှ စုန်းအတတ်ဖြင့်လူတွေကိုမညှာမတာနှိပ်စက်သတ်ဖြတ်နေသည့် ရက်စက်သည့်လူနှင့် ဘယ်လိုအကြောင်းပါလို့ ရေစက်ဆုံကြမလဲဆိုသည့်အကြောင်းကို ရေးသားထားခြင်းဖြစ်...