(Unicode)
ပန်းခြံရောက်တော့ ညအချိန်ဖြစ်သည်မို့ ထုံးစံအတိုင်း လူရှင်းလျက်ရှိ၏။ Jake က ဆောင်းဟွန်းထံ ပြုံးစစနှင့် မျက်ခုံးကလေး ပင့်ကာကြည့်လျက်..
"မင်း ဘောလုံးတော့ ကန်တတ်တယ်မလား ဆောင်းဟွန်းနီး?"
"အော်ဟော.. ဒါ လူကို မခံချင်အောင် ပြောတာလား? ငါကဖြင့် ဘောလုံးကန်တဲ့နေရာမှာ အရမ်းတော်တာပါနော်"
"ဟုတ်လို့လား? ဒါပေမယ့် ငါကတော့ မင်းထက် ပိုတော်မယ်ထင်ပါတယ်"
"အပြောမစောပါနဲ့အုံး Jakeyရဲ့။ ကစားပွဲပြီးမှ ပြောကြတာပေါ့"
Jakey က နှုတ်ခမ်းထောင့်စွန်းလေး ကော့တက်ရုံမျှပြုံးလိုက်၍..
"ကောင်းပြီလေ..အဲ့တာဆိုလည်း ငါ့ကိုနိုင်အောင် ကြိုးစားကြည့်ပေါ့!"
ဤသို့ဖြင့် စတင်ခဲ့သည့်ကစားပွဲလေးဟာ ရယ်မောသံလေးများဖြင့် ပျော်ရွှင်ဖွယ်အတိဖြစ်နေခဲ့ပါသည်။ နှစ်ယောက်တည်းရှိသဖြင့် ဘောလုံးကန်သည်ထက် ဘောလုံးကို လုနေကြသည်နှင့်ပိုတူနေသည်။
"အာ..ဆောင်းဟွန်းနီး! လူကို လာမဖက်ထားနဲ့လေ! အဲ့လိုမျိုး ဘယ်မှာရှိလို့လဲ?!"
Jake က သူဘောလုံးနောက်မလိုက်နိုင်အောင် ဖက်ထားခဲ့သော ခါးတစ်၀ိုက်မှ ဆောင်းဟွန်းလက်တွေကို ဖယ်ချရင်း အော်လေသည်။ ဆောင်းဟွန်း အသံထွက်သည်အထိ ရယ်လိုက်မိပါသည်။
"ဖက်ထားတော့ ဘာဖြစ်လဲ? ကစားပွဲမှာ အပြစ်ပေးမယ့် ဒိုင်လူကြီးလည်း မရှိသလို ငါဒီကစားပွဲကထွက်လိုက်ရင်လည်း မင်းတစ်ယောက်တည်း ကျန်ခဲ့မှာနော်။ အဆင်ပြေပါ့မလား?"
Jakey က သူ့ရင်ဘတ်ကို ထုရိုက်လာကာ..
"မကောင်းဘူး! ဆောင်းဟွန်းနီး အရမ်းညစ်တာပဲ"
ညစ်တယ်ပြောလည်း ဆောင်းဟွန်းကတော့ ရလာသည့် အခွင့်အရေးကို လက်လွတ်မခံနိုင်ပါချေ။ ထို့ကြောင့် Jakey က အော်သည့်အခါ လွှတ်ပေးလိုက်၊ ခဏအကြာ ဘောလုံးလိုက်လုသလိုနှင့် ပြေးဖက်လိုက်နှင့် ဆောင်းဟွန်းတစ်ယောက် အဆင်တွေပြေခဲ့လို့ပေါ့။ ပိစိအသေးလေးက သူ့လက်မောင်းတွေကြား အံ၀င်ဂွင်ကျဖြစ်သည့်အခါ၊ နီးကပ်စွာထိမိသည့်ခန္ဓာကိုယ်လေးမှ အနွေးဓာတ်လေးကို တိုက်ရိုက်ခံစားမိသည့်အခါ ဆောင်းဟွန်းမှာ ရင်ခုန်သံတွေဗြောင်းဆန်ကာ သူချစ်ရတဲ့လူသားလေးကို ပြန်မလွှတ်ပေးချင်တော့အောင်အထိ ဖြစ်ရပါသည်။