(12)

83 14 0
                                    

(Unicode)

ဘ၀တစ်ခုလုံးအား ပြောင်းလဲသွားနိုင်သည့် ဖြစ်ရပ်မျိုးကို ဖြစ်မလာတော့အောင် တားဆီးခွင့်၊ပြောင်းလဲခွင့်ရမယ်ဆို အချိန်ကို နောက်ပြန်လှည့်ချင်စိတ် ရှိကြမလား? ဂျယ်ယွန်းကိုသာ ထိုမေးခွန်းမေးလာခဲ့လျှင်တော့ သူချက်ချင်း မဆိုင်းမတွ ခေါင်းညိတ်မိမည်ထင်သည်။

အဲ့လိုသာဆို တစ်ခုသောနေ့ကို သူပြန်သွားမိလိမ့်မည်။ ပြီးလျှင် အဲ့နေ့မှာပဲ ဆောင်းဟွန်းနဲ့တွေ့မည့် ကံကြမ္မာကိုလည်း ပြောင်းလဲမိခဲ့လိမ့်မည်ထင်သည်။ ထိုသို့ပြောင်းလဲလိုက်ခြင်းက ဘယ်လောက်ပဲ ရင်နာရသည်ဆိုပါစေ အရာအားလုံး ထိုတွေ့ဆုံမှုက စခဲ့သည်မို့ ဂျယ်ယွန်း ထပ်ခါတလဲလဲ ထိုသို့ဆုံးဖြတ်မိမည်သာဖြစ်၏။ မဟုတ်သေး။ သူ ဆောင်းဟွန်းနှင့်သာမတွေ့ခဲ့ဘူးဆို ခံစားချက်တွေလည်း ဖြစ်တည်လာမှာ မဟုတ်သည့်အတွက် ရင်နာစရာ မလိုလောက်ဖူးမလား?

သို့သော် ဆောင်းဟွန်းနှင့်သာမတွေ့ခဲ့လျှင် သူထိုနေ့မှာပဲ အကုန်လုံးကိုလက်လျှော့အရှုံးပေးမည့်သူ ဖြစ်သွားနိုင်သည်။ သူ အခုလို ပြန်လည်ရပ်တည်လာနိုင်သည့် အကြောင်းပြချက်တစ်ခုက ဆောင်းဟွန်းဖြစ်နေခဲ့တာမဟုတ်လား။ ထို့ကြောင့်လည်း ဆောင်းဟွန်းနှင့်ပတ်သက်လာလျှင် ဂျယ်ယွန်းစိတ်မှာ လွန်ဆွဲရတော့တာပဲ။ သူ့ဘ၀ကို ရှုပ်ထွေးစေခဲ့သူမှာ ပတ်ဆောင်းဟွန်းဖြစ်သည်မို့ ထိုသူကို သူ မုန်းပစ်ချင်လှသလို သူအသက်ဆက်ခဲ့ရသည့် နောက်ဆုံးသောကြိုးမျှင်ကလေးမှာလည်း ပတ်ဆောင်းဟွန်းသာ ဖြစ်ခဲ့သည်မို့ ရင်ဘတ်ထဲမှ တီးတိုးခေါင်းမာစိတ်ကလေးက မမုန်းရက်နိုင်ဖြစ်နေခဲ့သည်။

ဂျယ်ယွန်း၏ ဆောင်းဟွန်းနှင့်မတွေ့ခင်ဘ၀က သာမန်ဟုပြော၍ရလောက်သော်လည်း ငြိမ်းချမ်းနေခြင်းတော့မဟုတ်ခဲ့။ ဂျယ်ယွန်း၏မိဘနှစ်ပါးစလုံးမှာ သူအသက်(၈)နှစ်အရွယ်ခန့်တွင် ယာဥ်မတော်တဆမှုအတွင်း၌ ဆုံးပါးသွားခဲ့ပြီး ဂျယ်ယွန်းမှာ ထိုအချိန်မှစကာ သူ၏တစ်ဦးတည်းသော သွေးသားရင်းချာဖြစ်သည့် အဖေ့၏ညီမဖြစ်သူ အဒေါ်နှင့် နေခဲ့ရသည်။ ဂျယ်ယွန်း၏အဒေါ်က သူ့အပေါ် ဂရုစိုက်ကာ ကြင်နာပါသော်လည်း သူ့ဦးလေးမှာ ထိုသို့မဟုတ်ခဲ့။ နေ့နေ့ညညအရက်သောက်ဖို့သာ သိသည့် သူ့ဦးလေးအမည်ခံသူမှာ ဂျယ်ယွန်းအတွက် မကောင်းဆိုး၀ါးတစ်ကောင်နှင့်မခြားခဲ့ပေ။

Twins?! // SungjakeWhere stories live. Discover now