Loser Ep - 21
"ခေါင်ရိပ်"
အနားလာကပ်ထိုင်သည့် ဦးနှင်းမောင်ကြောင့် ခေါင်ရိပ်သိသိသာသာပင်တဖက်စွန်းသို့တိုးသွားလိုက်သည်။
မလုံခြုံလိုက်တာဆိုပြီးမခံစားမိတော့။
မလုံခြုံသည့်ဒီနေရာကို ခေါင်ရိပ် ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ရောက်လာခဲ့ရပြီမဟုတ်လား။ဒီအိမ်ကိုရောက်ကတည်းက ခဏလေးပဲအဖေ့ကိုတွေ့လိုက်ရသည်။
သူ့လုပ်ရပ်အတွက်မျက်နှာမပြချင်၍ပဲဖြစ်မည်ပေါ့။
ကျေးဇူးရှင်ဆိုတဲ့အသိစိတ်သာရှိမနေရင် ခေါင်ရိပ်လှောင်ရယ်ပစ်လိုက်ချင်သည်။
လှုပ်လို့မရအောင်ချောင်ပိတ်ရိုက်ပြီးမှ မျက်နှာချင်းဆိုင်ဖို့တော့ဝန်လေးသည်တဲ့လား။လူဆိုတဲ့အမျိုးဟာလဲ တခြားသူအပေါ်ကောင်းခြင်းဆိုးခြင်းဖြစ်စေဖို့ထက် ကိုယ့်အတွက်ကျအကောင်းချည်းပဲရချင်ကြသည်မဟုတ်လား။
ခေါင်ရိပ်လဲလူထဲကလူတစ်ယောက်ဖြစ်ပေမဲ့ ကိုယ့်အတွက်ဆိုတာထက် ကိုယ့်အသက်လောက်ချစ်ရသူတွေအတွက် အကောင်းဆုံးပဲဖြစ်စေချင်သည်။ ခေါင်ရိပ် ဘဝတစ်လျှောက်လုံးမှာ ကိုယ့်အတွက်ကိုယ်ပြန်ကြည့်ခဲ့သည်ဟုမရှိခဲ့။ငယ်စဉ်ကလဲ မိဘတွေအတွက်သာကြည့်ပြီး
သူတို့စိတ်ချမ်းသာတယ်ဆိုဘာမဆိုလက်ခံခဲ့တာဖြစ်သည်။
မိဘအရင်းမဟုတ်သည့်မိဘများအတွက်ဆိုရမည်ပေါ့။
သမီးရှိလာတော့လဲ သမီးအတွက်တွေးကာဖြည့်ဆည်းရင်းရှင်သန်ခဲ့သည်။
သမီးရဲ့တဖက်ကမိခင်အမည်ခံငွေနှင်းအတွက်ဘာမှမလုပ်ပေးနိုင်ခဲ့တာကိုတော့ခေါင်ရိပ်စိတ်မကောင်းဖြစ်ရပါသည်။ထပ်ပြီးဒုတိယအကြိမ်ဘဝထဲပြန်ရောက်လာသည့်ဆောင်းညအတွက်လဲ ဘာကိုပဲဖြစ်ဖြစ်စွန့်လွတ်ပေးဖို့ ခေါင်ရိပ် ဝန်လေးမနေမိ။
ငါပဲအနစ်နာခံလိုက်ရင်ပြီးသွားမှာပါဆိုတဲ့အတွေးတိမ်တိမ်တို့က ရင်ထဲမှာအစဉ်ကိန်းအောင်းခဲ့သည်။
အတွေးတိမ်တိမ်ပဲပေါ့။
နေရာတိုင်းအနစ်နာခံလိုက်မယ်ဆိုတဲ့စိတ်ဟာ အလုံးစုံတော့မှန်မနေသလို လူတိုင်းအတွက်လဲမထိုက်တန်နိုင်ဘူးမို့လား။မျောနေသည့်အတွေးရှည်တွေဟာ ခပ်ကြမ်းကြမ်းလက်ဖဝါး၏ထိတွေ့မှုအောက်တွင်သတိကပ်လာခဲ့သည်။