ရိပေါ်နိုးလာတော့ မျက်နှာကျက်က အိမ်ကမျက်နှာကျက်မဟုတ်ဘူး။ သူဘယ်ရောက်နေလဲ ပတ်ကြည့်လိုက်တော့
"နိုးပြီလား။"
"ကျွန်တော်ဘယ်ရောက်နေတာလဲ။"
"ဆေးရုံရောက်နေတာပါ။"
"ဘယ်လိုလုပ်....?"
"သားရဲ့ သူငယ်ချင်းကုန်းပိုးလာတာ။ Taxi မစီးလာဘူး။ မဟုတ်လဲ 911 ကိုဖုန်းဆက်ရောပေါ့။"
"သူဘယ်မှာလဲ။"
nurse မလေးကဟိုကြည့်ဒီကြည့်လုပ်ပြီး
"ခုနကဒီနားမှာရှိသေးတယ်။ သူ့ခြေထောက်တွေလည်း ပေါက်နေတာကို ဆေးထည့်ပေးတာလက်မခံဘူး။ "
"သူ့ပုံစံက ဘယ်လိုမျိုးလဲ။"
"ခေါင်းစွတ်ကြီးနဲ့ အုပ်ထားလို့ သိပ်မမြင်ရဘူး။ အသားကတော်တော်လေးဖြူတယ်။ ဆံပင်အဖြူဆိုးထားတယ်။ ဆံပင်ကနဲနဲရှည်တော့ ဦးထုတ်အပြင်ထွက်နေတာမြင်လိုက်တယ်။"
ရိပေါ် ဆက်ကနဲ့ ထထိုင်လိုက်တယ်။
"ကလေး....မထနဲ့ဦး ညက အဖျားတွေကြီးပြီး သတိတောင်လစ်သွားတာကို။"
"ရတယ်။ ကျွန်တော်သက်သာပြီ။"
ရိပေါ် အိမ်ကိုမြန်မြန်ပြန်လာတယ်။ ဆေးရုံနဲ့အိမ်က ကားနဲ့ဆို ဆယ်မိနစ်လောက်စီးရတာ။ လမ်းလျှောက်မယ်ဆို နဲနဲဝေးတယ်။ လူတစ်ယောက်ကို ကုန်းပိုးလာတာဆို ပိုပြီးတောင်ပင်ပန်းဦးမှာ။
ရိပေါ်အိမ်ပြန်ရောက်တော့ ဒေါ်လေးရီက တအံ့တဩဖြင့်
"သား ဘယ်ကပြန်လာတာလဲ။ ဒေါ်လေးက သားအိပ်နေတယ်လို့ထင်တာ။"
"ကျန့်ကျန့်ရော.."
"မနက်ကတော့ တွေ့လိုက်တယ်။ ခုတစ်လောကုတ်နေတယ်နော်။ နေမကောင်းဘူးလားမသိဘူး။"
ရိပေါ်အခန်းထဲသွားကြည့်တော့ သူ့ဟူဒီနဲ့ဘောင်းဘီတို တစ်ထည်ကြမ်းပြင်မှာ ပြန့်ကျဲနေတယ်။
"ကျန့်ကျန့်လား။"
ရိပေါ် အိမ်တစ်အိမ်လုံးပတ်ရှာရင်း
"ကျန့်ကျန့် ထွက်လာခဲ့။ မင်းကိုငါမဆူဘူး။ ရဲလက်လည်း မအပ်ဘူး။ ငါမင်းနဲ့ပြောစရာရှိတယ်။"