စာစဉ်(၁) အပိုင်း(၁၁)

62 11 1
                                    

နဉ်ကောင်း ဘုရားကျောင်းကို သွားရောက်ခြင်းသည် ဆင်ခြေတစ်ခုသာဖြစ်သော်လည်း ပီပြင်မှုရှိအောင်တော့ ဆောင်ရွက်ရပေမည်။ စီစဉ်ထားသည့်အတိုင်း ချင်းရီ ချင်းမှုံတို့နှစ်ယောက်နှင့်အတူ ဘုရားကျောင်းအတွင်း ရက်အတော်ကြာ အချိန်ဆွဲနေထိုင်ခဲ့သည်။

သူမစီစဉ်ထားသည့် နောက်ဆုံးနေ့ရောက်သည်နှင့်  ဆရာတော် ဝုန အားတွေ့ခွင့်တောင်းခဲ့သည်။ ဆရာတော် ဝုနသည် နဉ်တိုင်းပြည်အတွင်း လေးစားကြည်ညိုခြင်းခံရသော ပုဂ္ဂိုလ် တစ်ဦးဖြစ်သည်။ သူ၏ ဉာဏ်ပညာကြီးမားမှုကြောင့် နဉ်တိုင်းပြည် ပြည်သူများထံမှ ရိုသေလေးစားမှု ကို ရရှိခဲ့သည်။

သို့သော်လည်း ယွင်ရှန်း  ထိုပုဂ္ဂိုလ်အား တွေ့ခွင့်မရခဲ့ပေ။ ထို့ကြောင့် ကိုရင်လေးတစ်ပါး၏ အကူအညီဖြင့် ဆရာတော်အား တွေ့ခွင့်ပေးရန် တောင်းဆိုစေခဲ့သည်။ သို့သော် ထိုကိုရင်လေးသည် ဆရာတော်ထံမှ  သူမအတွက် သိုးသားရေဖြင့် ပြုလုပ်ထားသော ပုရပိုက်တစ်ခုကိုသာ ယူဆောင်လာခဲ့သည်။

ထိုပုရပိုက်ကို ဖတ်နေစဉ် ယွင်ရှန်း မယုံနိုင်လောက်အောင် ထိတ်လန့်သွားခဲ့ရသည်။ ဆရာတော် ဝုန သည် သူမလာရောက်ရခြင်း၏ ရည်ရွယ်ချက်ကို သိနေပုံပေါ်၏။ မည်မျှ တော်လိုက်သနည်း။ အကယ်၍ အနာဂတ်တွင် ထိုသူသည်  သူမရန်သူဖြစ်လာပါက မည်မျှ ကြောက်စရာကောင်းလိုက်မည်နည်း။

ယခုခရီးအတွက် သူမလိုချင်သည့်အရာ ရပြီးသည့်အတွက် ယွင်ရှန်း ချင်းရီနှင့် ချင်းမှုံအား ပစ္စည်းများကို စတင်သိမ်းဆည်းစေလိုက်သည်။ ထို့နောက် များမကြာမီ မြင်းလှည်းနှင့် မြို့တော်သို့ ပြန်လာခဲ့သည်။ သူမနန်းတော်သို့ရောက်သည်နှင့် အိပ်စက်အနားယူခဲ့ပြီး နောက်တစ်နေ့ မနက် ပဉ္စမအချိန်တွင် အိပ်ယာထပြီး ညီလာခံဝင်ရန် သူမအစေခံများအား ပြင်ဆင်စေခဲ့သည်။

( ရှေးခေတ် တရုတ်ပြည်တွင် ညအချိန်ကို ငါးချိန်ခွဲထားပြီး ပဉ္စမ ချိန်သည် အာရုဏ်မတက်မီ နောက်ဆုံးချိန်ဖြစ်သည်။)

ဧကရာဇ်နဉ်သည် သူ၏မှူးမတ်များ လျှောက်တင်ချက်ကို နားထောင်နေစဉ် မိန်းမစိုးငယ်၏ လျှောက်တင်ချက်ကို ကြားလိုက်ရ၏။

Legend Of Princess Yun Shang(MMTranslation)Où les histoires vivent. Découvrez maintenant