အဝေးပြေးလမ်းမကြီးပေါ်မှာ ကားငယ်လေးတစ်စီးဟာ ညအမှောင်ထဲတရွေ့ရွေ့မောင်းနှင်နေသည်။ ကားထဲမှာပါလာတဲ့မိသားစုလေးထဲမှာ မောင်းသူကလွဲရင် ကျန်သူများကအိပ်စက်လို့။ ကားမူးတက်သူလေးမို့ညခရီးထွက်ဖို့ရွေးချယ်ခဲ့တာတောင် ရေအေးခမျာ အိပ်မပျော်သွားခင်အထိ မျက်နှာလေးဖျော့တော့ကာမူးဝေနေသေးသည် ။ အိပ်ပျော်နေတဲ့ရေအေးကိုတလှည့်နောက်ခန်းထဲက ကလေးတေကိုတလှည့်ကြည့်နေရတဲ့ မိုးသောက်ယံမှာလဲမအားမလပ်။ ရေအေးနဲ့စကားများပြီးအိမ်ကထွက်လာခဲ့တဲ့ရက်ကနေစပြီး သူ့ရင်ထဲမှာအဆိုင်အခဲတေ ဆို့နင့်နေခဲ့တာ။ သွေးပူနေချိန်ရော ၊သွေးအေးနေချိန်ပါအလေးအနက်ထားပြီးစဉ်းစားကြည့်ခဲ့သမျှက ရေအေးကို သူလက်မလွှတ်နိုင်တာဘဲ။လက်လဲမလွှတ်နိုင်သလို အဆုံးရှုံးလဲမခံနိုင်ပါ။ ဘယ်ကမှန်းမသိတဲ့ကောင်ကိုမပေးလိုက်ချင်စိတ်နဲ့စဉ်းစားမိသမျှကထွက်သွားဖို့ဘဲ။ ရေအေးတို့ကိုခေါ်ပြီး ဒင်းနဲ့ဝေးရာကိုထွက်သွားမည်။ ခွင့်ရက်တင်ပြီးပြောင်းရွှေ့ခွင့်ရဖို့သူ့မှာအသည်းအသန်လုံးပမ်းခဲ့ရသည်။ ရေအေးတို့ကိုခေါ်လာပြီးနေနိုင်ဖို့ရန်ကုန်အိမ်ကို လာပြီးရှင်းလင်းရေးလုပ်ရသည်။ ဒီတစ်လလုံးသူ့မှာ အသက်ရှူချိန်တောင်မရလောက်အောင် ယောက်ယက်ခတ်နေခဲ့ရတာ။
“ကိုယ်နဲ့လိုက်ခဲ့မလား သူနဲ့နေခဲ့မလား မင်းရွေး..”
ထိုစကားကိုမေးခဲ့ချိန်တုန်းက သူ့ရင်ထဲဗြောင်းဆန်နေတာဘယ်သူများသိနိုင်မှာလဲ ။မလိုက်ဖူးလို့များရွေးချယ်သွားခဲ့ရင် သူ့ဘဝပျက်ရချည်ရဲ့။ တော်သေးတာရေအေးကသူ့ကို အချစ်ပိုနေသေးလို့ဘဲ။
မိုးသောက်ယံလဲကားနောက်ခန်းကသူ့မိသားစုကိုကြည့်ရင်းရင်ထဲမှာ ရှုပ်ထွေးနေရသည် ။ သားငယ်လေး ကသူ့သားမဟုတ်ဘူးဆိုတာ လက်ခံနိုင်စွမ်း သူ့မှာလုံးဝရှိမနေသလို၊ရေအေးအသစ်တွေ့နေတာလဲမယုံကြည်နိုင်။ ရန်ကုန်ရောက်ရင်တော့ သားငယ်နဲ့သူနဲ့DNAစစ်ကြည့်မည်။ သားငယ်ကသူ့သားဘဲဖြစ်ရမည် ။ သူ့သားအစစ်အမှန်သာဆိုရင် ရေအေးကိုဟိုတစ်ယောက်ကိုအပြီးအတိုင်မေ့ဖျောက်ခိုင်းရမည်။
