စိမ်းစိမ်းစိုစိုလယ်ကွင်းများနဲ့သာယာလှတဲ့မွေးရပ်မြေလေးပေါ်ခြေချလိုက်တာနဲ့ ရင်အေးသွားရမဲ့အစား ရေအေးတစ်ယောက်မှာတော့အထပ်ထပ်စီးလာရတဲ့ကားဒဏ်ကြောင့် အန်ချင်စိတ်ကိုမနည်းထိန်းချုပ်နေရကာ ခေါင်းတေထဲလဲမူးနောက်နောက်ဖြစ်နေသည်။မွေးသမိခင်ရဲ့ကျန်းမာရေးအတွက်အရဲစွန့်လို့ မြို့ကြီးပြကြီးကိုလူပွဲစားတချို့ဖြင့်လိုက်ပါသွားခဲ့တာမနေ့တစ်နေ့ကလိုပါဘဲ။ အိုဇာတာမကောင်းရှာတဲ့အမေဖြစ်သူမှာတော့ ရေအေးရဲ့ပထမဆုံးလစာလေးကိုတောင်ထိုင်မစားလိုက်ရပါဘဲဆုံးပါးသွားခဲ့တာ။ သူများလယ်ကွင်းတေအငှားလိုက်ပေးပြီးရေအေးကိုအရွယ်ရောက်အောင်ထိရှာဖွေကျွေးမွေးခဲ့ရတဲ့ဒဏ်တေကြောင့်ဘဲ နာဖျားပြီးဆုံးပါးသွားရတာပေါ့။ ကိုကိုကြီးနဲ့အိမ်ထောင်ကျပြီးကတည်းကမပြန်ဖြစ်ခဲ့တဲ့ရွာလေးကရေအေးအတွက်စိမ်းသက်နေသလို။ ရွာကရပ်ရွာလူကြီးကိုအကျိုးအကြောင်းဝင်ပြောပြီးတော့ရေအေးရဲ့တဲသာသာအိမ်ငယ်လေးရှိရာကိုထွက်လာခဲ့လိုက်သည်။ ရေအေးတို့သားအမိကရွာအစွန်မှာနေကြတာမို့ အနည်းငယ်တော့အဝေးသား။ လူမနေဖြစ်တာကြာတဲ့တဲအိမ်လေးကမိုးဒဏ်လေဒဏ်များကြောင့်ယိုင်နဲ့နဲ့ဖြစ်နေတာကိုမြင်လိုက်ရတော့ ရေအေးရင်ထဲဝမ်းနည်းစိတ်တို့လှိုက်တက်လာရသည်။ ဒီအိမ်လေးလိုဘဲရေအေးဘဝလဲအလားတူဖြစ်နေရပြီမဟုတ်လား။
"လူလေးကပြန်မှမလာဖြစ်ဘဲကွယ်..အိမ်ကအတော်လေးဆိုးနေပြီ..အရီးလှတို့အိမ်မှာအရင်ဆုံးနေလိုက်ပေါ့..တို့ကာလသားတေကိုနည်းနည်းကူခိုင်းပြီး အိမ်ကိုပြန်ပြင်ခိုင်းလိုက်မယ်..မကောင်းဘူးလား"
"အားနာစရာတေဖြစ်ကုန်ပါပြီအရီးလှရယ်.."
"အိုအေ..ဒီလူနဲ့ဒီလူကွယ်..အားနာစရာလား..တစ်ရွာတည်းသားချင်း ပြီးတော့ ကျုပ်မျက်စိအောက်မှာကြီးလာတဲ့ကလေးကို..ဒုက္ခရောက်နေရင်လက်ပိုက်ကြည့်နိုင်လောက်အောင် ကျုပ်အသည်းမမာပါဘူးတော်..လာ..အိမ်ပြင်ပြီးတဲ့အထိ အရီးလှနဲ့လာနေလှည့်.."
ရေအေးတစ်ယောက်ထဲအိမ်ပျက်ကလေးကိုကြည့်ပြီးငိုင်နေမိတာကို ရေအေးနောက်ကိုလိုက်လာတဲ့ရွာလူကြီးရဲ့မိန်းမ အရီးလှတင်ကမြင်တော့ ကူညီစကားဆိုလာသည်မို့ ရေအေးမှာသက်မလေးမသိမသာချလိုက်မိသည်။ အိမ်ပြန်ပြင်ဆောက်ဖို့အရေး အခုတော့ရေအေးလက်ထဲမှာပိုက်ဆံကရှိမနေဘူးလေ ။ အမေဆုံးပါးပြီးနောက်ရေအေးမှာထောက်ပံ့ရမဲ့လူလဲမရှိတော့တာမို့ ရသမျှလစာကို မေမေ( ယောက္ခမကြီး)နဲ့ဘုန်းကြီးကျောင်းသွားတိုင်း ဆရာတော်ဘုရားကိုကပ်လှူတာမျိုးမဟုတ်ရင် ကိုကိုကြီးဆေးရုံကမတက်နိုင်တဲ့လူနာများအတွက်ဆေးဝါးအလှူဆိုပြီး လှူထည့်လိုက်တာဆိုတော့ ရေအေးမှာအခုပိုင်တာဆိုလို့ လက်စွပ်လေးတစ်ကွင်းထဲရယ်။ ရေအေးအတွက်ဆိုပြီးမေမေလုပ်ပေးထားသမျှ လက်ဝတ်လက်စားတေအကုန်လုံးကိုလဲ ချွတ်ထားခဲ့ပြီမဟုတ်လား။
![](https://img.wattpad.com/cover/360072904-288-k789275.jpg)