Part 7 (Uni)

1K 47 15
                                    

Unicode

အနက်ရောင်ဖုံးလွှမ်းနေသော ကွင်းပြင်ကျယ်ကြီး အဆုံးသတ်မရှိ ကျယ်ပြောလှသောထိုနေရာတွင် ထွက်ပေါက်ရှာတွေ့ရန် အလိုငှာ လင်းမြတ်တည်ကြည် ပြေးလွှားနေမိ၏။ အချိန်ကြာမြင့်လှသည်နှင့် ခန္ဓာကိုယ် အတွင်းမှ အားအင်တို့သည် စုပ်ယူခြင်းခံလိုက်ရသလို မောပန်းနွမ်းနယ်ကာ ပြေးလွှားနေခြင်းသည်ကား ရပ်တန့်သွား၏။

ခပ်မှိန်မှိန်ရှိသော အလင်းရောင်သဲ့သဲ့ကို အနက်ရောင်ဖုံးလွှမ်းနေသော လွင်ပြင်ထက်တွင် တွေ့မြင်လိုက်ရသည်က ပူပြင်းခြောက်သွေ့သော သဲကန္တာရထဲတွင် ရေကြည်အားတစ်ခွက်အား တွေ့မြင်လိုက်ရသကဲ့သို့ မျှော်လင့်ချက် ရောင်ခြည်များ ပေါ်ထွန်းလာစေသည်။

ထိုအလင်းရောင်ရှိရာသို့ တိုးကပ်သွားလျှင် ခန္ဓာကိုယ်တွင်းမှ တဆစ်ဆစ်ကိုက်ခဲလာသော ဝေဒနာကြောင့် ခြေလှမ်းလှမ်းဖို့ပင် အနိုင်နိုင် ထိုနားတွင်သာ မလှုပ်မယှက် ရပ်နေချိန်မှာပင် မှိန်ပြသော အလင်းရောင်ငယ်သည် တစ်ခဏအတွင်း ကြီးထွားလာကာ လှိုင်းကြီးပမာ လင်းမြတ်တည်ကြည်အား ဝါးမြိုသွားတော့သည်။

" ကိုလင်း သတိရပြီလား "

လင်းမြတ်တည်ကြည် မျက်ဝန်းတို့ကို အလန့်တကြား ဖွင့်ဟမိချိန် မျက်လုံးအိမ်သို့ စူးရှသော မီးအလင်းရောင်သည်ကား တိုးဝင်လာ၏။ တစ်ချက်နှစ်ချက်ခန့်မျှ မျက်တောင် အဖွင့်ပိတ်လုပ်ပြီးချိန်မှ စူးရှသော အလင်းရောင်အား နေသားကျသွား၏။ စိုးရိမ်တကြီး မျက်ဝန်းများဖြင့် စောင့်စားနေသော ဇေယျာသော်သည် ရေဖန်ခွက်အား ကိုင်းထားရင်းနှင့်ပင် လင်းမြတ်ကို ဆွဲထူပေး၍ ခန္ဓာကိုယ် ကိုက်ခဲနေသည့်နေရာများ ရှိလားဟု တသွင်သွင်အမေးဆိုနေ၏။ ထိုအမေးများအား ဖြေဆိုခြင်းအလျဥ်းမရှိ လင်းမြတ် သိလိုသော အကြောင်းရာသည်သာ နှုတ်မှထွက်လာခဲ့သည်။

" ဘွားနွယ်.. ဘယ်လိုဖြစ်သွားပြီလဲ အဆင်ပြေရဲ့လား.. အာ့.. ငါ့ခေါင်း "

" ကိုလင်း အခုလို ဇိုးကနဲဇက်ကနဲ ထဖို့မသင့်ဘူးလေ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အားအင်တွေ ကုန်ခမ်းနေတာ အရင်အားဖြည့်ရဦးမယ်.. ပြောရမယ်ဆိုရင် ကိုလင်း သတိမေ့နေတာ လေးရက်ကျော်ပြီ၊ အခုတော့ ရေတစ်ခွက်လောက် အရင်သောက်လိုက်ပါဦး "

𝐓𝐰𝐨 𝐋𝐢𝐟𝐞,𝐎𝐧𝐞 𝐃𝐞𝐧𝐬𝐢𝐭𝐲Where stories live. Discover now