Unicode
" အဟွတ်..ဟွတ်.. အေးလိုက်တာ! ဟူး ဖုန်းကလည်း တစ်စစီ ကွဲသွားပြီ အခုထိ လူနေအိမ်လည်း မတွေ့သေးဘူး "
လင်းမြတ်တည်ကြည် ဘေးဘီဝဲယာ အကဲခတ်ရင်း အေးခဲမှုကို အံတုနေရသည်၊ လင်းမြတ် သက်တမ်းတစ်လျှောက် ဤမျှလောက် အေးခဲသော ရာသီတုဥနှင့် မတွေ့ကြုံဖူးပေ၊ အေးစက်မှုက ခန္ဓာကိုယ်ရှိ အဝတ်လွှာတို့ကို ထိုးဖောက်၍ အသွေးသားတို့ထိ အေးခဲစေသည်။
ထိုမှသာ မင်းအာဏာပိုင်၏ အသက်ရှင်လျက် အဘွားဆီသို့ ပြန်နိုင်ပါစေ ဟူသော စကားအား ကြားယောင်လာသည်။ ရည်ရွယ်ချက်ရှိရှိနှင့် ပြောသွားသည်မှန်းလည်း သဘောပေါက်လာရသည်။
အနောက်သို့ လှည့်ကြည့်လျှင်လည်း ဖြူဖွေးသော ကွင်းပြင်ကြီးက နှင်းမြူများ အုံ့ဆိုင်းနေပြီး ရှေ့တွင်လည်း ထိုသို့ပင် ဖြစ်၏ ၊ ဘေးဘီမှ တိုက်ခတ်နေသော လေပြင်းများက ရှေ့သို့ လှမ်းနေသော ခြေလှမ်းများကို ဟန့်တားနေပြီး ရွေ့သွားရန်ပင် အားကုန်သုံးနေရသည်။ ထိုနှင့်အတူ နှင်းများအောက်တွင် စုန်းစုန်းမြုပ်နေသော ကျောက်တုံးကို လင်းမြတ် သတိမပြုမိလိုက်ပေ။
" အာ့.. "
ညိုတက်လာသော ခြေချင်းဝတ်ကို အုပ်ကိုင်ရင်း လင်းမြတ် ခပ်တိုးတိုးညည်းညူမိသည်၊ နဂိုတည်းက ခရီးမပေါက်ဟု ဆိုကာမှ ဒဏ်ရာရသည့်အဖြစ် မတ်မတ်ရပ်လိုက်လျှင်ပင် လောလတ်ဒဏ်ဖြစ်နေသော ထိုနေရာက နာကျင်ကိုက်ခဲလာသည်၊ ယောကျာ်းသား တစ်ဦးဖြစ်သည့်အတွက် ထိုဒဏ်ရာလောက်ကို စာဖွဲ့မနေပဲ အံကြိတ်လျက်သာ ဆက်လျှာက်သည်။ အေးစက်နေသော လက်ဖဝါးနှစ်ဖက်ကို အချင်းချင်း ပွတ်သပ်၍ နွေးထွေးမှုရရန် ကြိုးစားသည်၊ သို့သည်တိုင် သူ့လက်ဖဝါးတွေကတော့ အေးစက်မြဲသာ။
ဘွားနွယ် ကျွန်တော် အသက်ရှင်လျက် ပြန်လာခဲ့မှာမို့ ဘေးမသီရန်မခဘဲ စောင့်နေပေးပါ။
" လင်းမြတ်တည်ကြည်..လင်းမြတ်တည်ကြည် နှင်းပြင်ထဲမှာ ခဲသေသွားမှ သောက်အသိတရား ရနိုင်မှာလား! "
မေးရိုက်၍ ခိုက်တုန်အောင် ချမ်းနေသူက နောက်ပြန်လှည့်ဖို့ စိတ်ကူးရှိပုံရ၊ တရွေ့ရွေ့နှင့် လိပ်ကလေးကဲ့သို့ ရှေ့သို့ တွားသွားနေသည်။
