Unicode
" မောင်လင်းမြတ်တည်ကြည် တံခါး လာဖွင့်ဦး "
လင်းမြတ် Examမေးခွန်းထုတ်နေသည်ကို အာရုံစိုက်နေရာမှ အမျိုးသမီးကြီး၏ ကျယ်လောင်သော ခေါ်သံနှင့် တံခါးခေါက်သံကြောင့် လက်ထဲက ဘောပင်ကို စာအုပ်ကြားညှပ်၍ အလျင်စလို တံခါးဖွင့်ရတော့သည်။
" မင်းနှယ့် ငါတံခါးခေါက်တာ ကြာနေပြီ ၊ အထဲမှာ ဘာလုပ်နေလို့ အဲ့သလောက် ကြာနေရသလဲ "
" ကျွန်တော် Exam Questions ထုတ်ရင်း စိတ်နှစ်မိသွားလို့ပါ၊ ဒေါ်ငွေ ညောင်းနေမှာပေါ့ အိမ်ထဲဝင်ပြီး လက်ဖက်ရည် သောက်ပါအုံး "
" တော်..တော် ငါ့ကို အိမ်လစာပဲ ပေး..အခြားနေရာတွေလည်း တောင်းရအုံးမှာ "
' ဒေါ်ငွေခင်စိန် ' လက်ရှိ လင်းမြတ်နေထိုင်သော အိမ်ရာပိုင်ရှင်၊ ငွေနှင့်ပက်သက်လျှင် နာမည်စီးနေသည်ဟု ထင်ရကာ ပိုက်ဆံသာလျှင် အရာရာဟု လက်ကိုင်ဆွဲမြဲထားသူ ပီပီ အတိမ်းစောင်းမခံ မနက်8နာရီပင် မထိုးသေး တံခါးခေါက်ကာ အော်ကြီးဟစ်ကျယ်နှင့် လစာတောင်းယူနေခြင်း၊ ဗီဒိုထဲက အံ့ဆွဲအကန့်လေးတွင် အိမ်လစာဟု သီးသန့် ရည်ရွယ်ထားသော ပိုက်ဆံအုပ်လေးကို ဒေါ်ငွေခင်စိန်လက်ထဲ အပ်နှံလိုက်သည်။
လက်ညိုးကို တံတွေးစွတ်လို့ 1သောင်းတန် ပိုက်ဆံအုပ်ကို တစ်ရွက်ချင်း ရေတွက်နေသည်၊ ဒေါ်ငွေခင်စိန်၏ ပိုက်ဆံချစ်မြတ်နိုးပုံကတော့ ရေတွက်ရင်းနှင့်ပင် မျက်လုံးများက အရောင်တောက်လျက် မျက်နှာထက်တွင် အပြုံးကြီးကြီး ချိတ်ဆွဲထားလေသည်။
" ပိုက်ဆံက ပြည့်တယ်၊ မင်းကို ပြောစရာက ကျန်သေးတယ် အိမ်လစာကို ဒေါ်ကြီး 1သိန်း2သောင်း ထပ်တိုးချင််တယ် "
" ဒေါ်ငွေဗျ ဒီလောက်အများကြီးကျ ကျွန်တော်လိုက်ဖို့ အဆင်မပြေဘူး ၊ ထပ်လျှော့ပေးလို့ မရဘူးလားဗျ "
" ခေတ်ကြီးကိုက ငွေကြေးဖောင်းပွနေတာ အရာရာစျေးတတ်နေတဲ့ ခေတ်ကြီးမှာ ငါ့အိမ်လည်း အရင်စျေးတော့ ဘယ်ရမလဲ ၊ မင်းလစာတိုးမပေးနိုင်ရင်တော့ အိမ်သစ်ရှာလိုက်ပေါ့ကွယ်၊ မင်းရှာကြည့်ရင်တောင် ငါ့အိမ်ထက် ကောင်းတာမျိုးတွေ့မှာမဟုတ်ဘူး၊ လကုန် ပိုက်ဆံတိုးမပေးနိုင်ရင် အိမ်ပြောင်းဖို့သာ ပြင်ထားလိုက်ပေတော့ "
