part(7)

84 1 0
                                    

အပိုင်း(၇)
ကျွန်တော့်နံနက်ခင်းလေးများ
အစ်ကိုယူရီဆီက ပြန်လာသည့် လမ်းတစ်လျှောက်လုံး ကျွန်တော် စိတ်နှင့် လူ အာရုံမကပ်နိုင်အောင်ကို အတွေးတွေ များလွန်းလှသည်။

အခုလောက်ဆို အစ်ကို ယူရီ အိပ်ပျော်နေတုန်းလား။
အခုလောက်ဆို အစ်ကိုယူရီ နိုးနေလောက်ပြီလား။
အခုလောက်ဆို အစ်ကို ယူရီ ချွေးထွက်ထားသည့် အဝတ်အစားတွေ လဲပြီးလောက်ပြီလား ဟု ဆက်တိုက်တွေးနေမိသည်။

ကျွန်တော့်အိမ်ကို ပြန်ရောက်သည်အထိတွေးနေဆဲပင် ဖြစ်သည်။

အိမ်ကိုပြန်ရောက်တော့ လုပ်နေကျအလုပ်တွေမို့ အလိုအလျောက်
တုံ့ပြန်သည့်စနစ်အရ တံမြက်စည်းလှည်းတာ၊ဆိုဖာတွေကို ဖုန်ခါတာ၊မီးဖိုထဲက ပန်းကန်တွေကိုဆေးကြောတာ၊အဝတ်တွေလျှော်ပြီး လှန်းတာ၊ပန်းပင်လေးတွေရေလောင်းတာတွေကို တရစပ်လုပ်နေမိပေမယ့် နေမကောင်း ဖြစ်နေသည့် အစ်ကိုယူရီ၏ အကြောင်းကသာ ကျွန်တော့်ခေါင်းထဲ၌ တဝဲလည်လည် လှည့်လည်နေလေသည်။

အစ်ကိုယူရီ့ကို တစ်ယောက်တည်း ထားခဲ့ရတာ အဆင်ပြေမှ ပြေပါ့မလား။
ထားခဲ့ရက်လို့ အစ်ကိုယူရီကများ ဝမ်းနည်းသွားမှာလား ဟု တွေးလိုက်၊
ငါသူ့မီးဖိုလေးကို သန့်ရှင်းနေအောင် လုပ်ပေးခဲ့တာ အစ်ကိုယူရီက ငါ့ကို အမှတ်ပေးနေမှာလား ဟုတွေးလိုက်နှင့် အရူးတစ်ပိုင်းလို ဖြစ်လို့နေလေသည်။

အချိန်က တဖြေးဖြေးချင်း နေဝင်ပြီး မိုးချုပ်လာသည့် အခါ ကျွန်တော်၏ YouTube channel လေးအတွက် ဟင်းချက်သည့် ဗီဒီယိုလေး ရိုက်ကူးနေဆဲ၌ ဖုန်းသံကို ကြားရသည်။

"တူတူ တူတူ တူတူ"

"ဟယ်လို"

"အိုကူလား"

နွေးထွေးချိုမြသည့် အသံလေးနှင့်အစ်ကိုယူရီဆီကပါ့လား ဟုတွေးကာပျော်သွားမိသည်။

"ဟုတ်ပါတယ် အစ်ကိုယူရီ"

"အစ်ကို သက်သာပြီ သိလား။
အခု ညနေစာ လာဝယ်တာ။
အိုကူရော စားပြီးပြီလား"

"ကျွန်တော်လား.....အဟင်း
ကျွန်တော်က ညစာချက်နေတာ အစ်ကိုယူရီ၊ညစာချက်ရင်း YouTube channel အတွက်ပါ ဗီဒီယို ရိုက်နေတာပါဗျ"

"ဪ.....
အိုကူ ဟိုတစ်ခါပြောပြတဲ့ YouTube channel လားဟင်"

"ဟုတ်တယ် အစ်ကိုယူရီ။
ကျွန်တော် လုပ်ဖြစ်သွားပြီ။
အခုမှ subscribers 500 ကျော်ပဲ ရပါသေးတယ် "

"ဪ ဘာပဲ ဖြစ်ဖြစ် လုပ်ဖြစ်သွားတော့ ကောင်းတာပေါ့။
အစ်ကိုဆို ပန်းပင်လေးတွေ စိုက်တဲ့ အကြောင်း ရိုက်တင်မယ် လို့ စိတ်ကူးထားတာ အခုထိ
အကောင်အထည်မပေါ်သေးဘူး"

အစ်ကိုယူရီ နှင့် စကားပြောနေဆဲ၌ နောက်က ထမင်းဆိုင်ဆီက ဘာဟင်းယူမှာလဲတို့ ၊အချဉ်ဟင်းရည် တစ်ခွက်ပေးပါ တို့၊ ဆိုသည့် အသံတွေကိုပါ ကြားနေရလေသည်။

"ဟုတ်ကဲ့
လုပ်ဖြစ်ရင် ကျွန်တော်တတ်တာလေးတွေ ကူပေးပါ့မယ် အစ်ကိုယူရီ။"

"နေ့လယ်က အစ်ကို့မီးဖိုချောင်ကိုပါ ဆေးကြော သန့်ရှင်းပေးသွားလို့ ကျေးဇူးတင်ပါတယ်နော် အိုကူ၊
ပြီးတော့ မြူစွမ်ခေါက်ဆွဲပါ လုပ်ကျွေးတဲ့အတွက်ရော၊နောက်တစ်ခါတွေ့ရင် အိုကူသဘောကျလောက်မယ့် လက်ဆောင် တစ်ခု ပေးမယ်"

"ကျွန်တော်သဘောကျလောက်မယ့် လက်ဆောင် ဟုတ်လား
အစ်ကိုယူရီ။ရပါတယ် ......"

"အစ်ကို အရင်ကတည်းက အိုကူကိုပေးချင်နေခဲ့တာပါ"

"ဟုတ်ကဲ့ ဒါဆိုရင်လည်း ယူပါ့မယ်ဗျ"

"ဒါဖြင့် ဒါပဲနော် အိုကူ။
Good night "

"Good night ပါ အစ်ကိုယူရီ"

အစ်ကိုယူရီ၏ အသံလေးက ဖုန်းထဲမှပျောက်ကွယ်သွားသည်အထိ ကျွန်တော် ဖုန်းလေးကို ငေးမောကာ တရှိုက်မက်မက်  ကြည့်နေမိလေသည်။

ကျွန်တော် သဘောကျလောက်မယ့် လက်ဆောင်တဲ့လား အစ်ကိုယူရီရယ်......ဟောဒီ ကမ္ဘာကြီးမှာ ကျွန်တော်သဘောအကျဆုံး လက်ဆောင်က အစ်ကိုယူရီပဲ ဖြစ်လိမ့်မယ် ဆိုတာကို အစ်ကို မသိလေရော့သလား။

ကျွန်တော်ရဲ့ဘဝကို အစစအရာရာချောမွေ့အောင် ဖန်တီးပြီးရင် အစ်ကိုယူရီ့ကို ကျွန်တော့်ရဲ့ ဘဝထဲ သို့ ခေါ်သွင်းချင်လှပြီ။

ပြီးရင် အစ်ကိုယူရီနှင့်အတူတူ ကမ္ဘာပေါ်က အအေးချမ်းဆုံးနေရာဒေသတွေဆီသွား‌ေရာက်ငေး‌ေမာချင်မိသည်။အတူ တူ စာတွေဖတ်မည်။သီချင်းတွေနားထောင်မည်။စာတွေရေးမည်။ စိတ်ကူးနှင့် ရူးနေသမျှသည် အချစ်ဆိုလျှင်လည်း ဟုတ်သည် ကျွန်တော် အစ်ကိုယူရီ့ကို ချစ်သည်။

Author Thinn Thinn Su Hlaing
10:10 AM

Wattpad မှာလည်း follow ပေးခဲ့ကြပါနော်။

ကျွန်တော့်နံနက်ခင်းလေးများWhere stories live. Discover now