ဆက်ထုံး

3.7K 359 9
                                    

အပိုင်း ခြောက်

ဆက်ထုံး

အထပ်ထပ်ရစ်နှောင်နေလို့ သံယောဇဉ်ကြိုးတွေ ထင်ခဲ့တာ၊ သေချာကြည့်တော့မှ မင်းရဲ့ အတ္တတွေ ဖြစ်နေတယ်။

ပြတ်တောက်သွားခဲ့ဖူးလို့လား။ တစ်ရစ်ပြီးတစ်ရစ် တိုးချည်လာတဲ့ ဒီဆက်ထုံးတွေ မလိုချင်လည်း အနှောင်ခံခဲ့ရတယ်။

ဝေးတော့မလိုနဲ့ ပြန်ပြီးနီးစပ်သွားတဲ့ ရုပ်ရှင်ဇာတ်သိမ်းတစ်ခုမှာ ဒီဆက်ထုံးတွေ မြဲပါစေလို့ မင်းပြောခဲ့ဖူးလားလို့။ တစ်ချိန်ချိန်တော့ ပြတ်သွားမှာပါလို့လည်း မင်းပြောခဲ့ဖူးလားလို့။

ဒီလိုဆိုရင် ဖြည်လိုက်ရုံနဲ့ ပြေသွားနိုင်မယ့် ဆက်ထုံးတွေကို ဘယ်သူ့အမှတ်နဲ့ ငါ့ဆီလာပြီး ထုံးဖွဲ့နေရတာလဲ။

.......

ကိုယ်ကိုထူကာ ကုတင်ပေါ်တင်နေခြင်းကို သိသည်။ တပ်ထားတဲ့ မျက်မှန်ချွတ်ယူလိုက်တာကို သိသည်။ ခဏအကြာ နဖူးပေါ်မှ အေးစိမ့်စိမ့်ခံစားချက်ကို သိသည်။ ထို့နောက်တွင်တော့ ဘာမှမသိတော့ပါ။

သုခပြည့်လျှံ မျက်လုံးတွေ ပြန်ပွင့်လာချိန်မှာတော့ အနားမှာ ဘယ်သူမှမရှိနေခဲ့။ အချိန်က ညဘက်လောက်ရောက်နေပြီမှန်းကို အခန်းပြတင်းပေါက်ဆီက ‌မှောင်မဲနေသော သစ်ပင်ရိပ်ကို ကြည့်ပြီး ခန့်မှန်းမိ၏။ အားယူကာ ဖွင့်လိုက်သည့် သူ့မျက်လုံးတွေက အခန်းတံခါးကို ဦးစွာကြည့်မိပြီး ဖွင့်ထားသည့် တံခါးကြောင့် နိုးနိုးချင်းမှာပင် စိတ်ကသိကအောက်ဖြစ်သွားသည်။ မကြာသေးခင်က တစ်ယောက်ယောက် အပြင်ထွက်သွားပြီး သေချာပြန်မပိတ်ထားခဲ့တာပဲ။ မကြိုက်လိုက်တာ။ တံခါးပေါက်ကို ဖွင့်ပြီးရင် ပြန်ပိတ်မှပေါ့။

သုခ ကုတင်ပေါ်က ထရန်ပြင်လိုက်တော့မှ လက်မှာ တန်းလန်းဖြစ်နေသော ပိုက်ကိုမြင်၏။ ချိတ်ထားတဲ့ ဆေးပုလင်းသည် မကုန်သေးသော်လည်း ကုန်ခါနီးဆဲဆဲပင်။ ထိုအခါမှ သုခပြည့်လျှံ သူ့ကိုယ်သူ လူမမာဖြစ်နေမှန်း သတိရတော့၏။ ဘယ်ကဘယ်လို ဖြစ်ရသလဲဆိုတာကို ရှည်ရှည်ဝေးဝေး မတွေးချင်တာတောင် တစ်စက်ချင်း စီးကျနေသည့် ဂလူးကိုစ့်အရည်တွေကြည့်ရုံဖြင့် အားနည်းပြီးမေ့လဲသွားမှန်း သူခန့်မှန်းမိပါသည်။

လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)Where stories live. Discover now