အပိုင်း နှစ်ဆယ့်ကိုး
လွတ်မြောက်ရန် မစွမ်းနိုင်သော
မင်းရဲ့တမ်းတမှုတွေ မရှိတော့တဲ့အခါ ဆေးလိပ်ငွေ့ကတောင် ငါ့ကိုခြောက်ခြားစေတယ်။
အချစ်တွေထဲ ပိတ်မိသူ၊ အချစ်တွေနဲ့ ပိတ်မိသူ ဘယ်သူက ပိုမွန်းကျပ်ခဲ့မလဲ။
အပြစ်မတင်နိုင်သူနဲ့ အပြစ်မမြင်ရက်သူ ဘယ်သူက ပိုချစ်ခဲ့မယ် ထင်လဲ။
ခေါင်းငြိမ့်လိုက်ခြင်းနဲ့ ငြင်းပယ်လိုမှုကြားက လွန်ဆွဲမှုတွေအကြောင်း ငါမပြောချင်ဘူး။
သံယောဇဉ်နဲ့ ချစ်ခြင်း၊ မင်းနဲ့ ငါ
ဒီပြိုင်နေတဲ့ မျဉ်းနှစ်ခုအလယ် ဘယ်သူကများ လွတ်မြောက်နိုင်ခဲ့သလဲ။
....................
လင်း ဘေးဘီဝဲယာကို ကြည့်နေရာမှ တစ်ချို့ လမ်းမီးပြတ်လပ်သော နေရာများတွင် ကားသေချာမောင်းရန် မောင်တိုးအား သတိပေးလိုက်၏။ ဆရာမကြီး၏ အိမ်သည် မနော်ဟရီပန်းခြံ၏ မျက်နှာချင်းဆိုင် လမ်းသွယ်များကြားမှ တော်ဝင်လမ်းတွင်တည်ရှိကာ ဆိတ်ငြိမ်သော ရပ်ကွက်တစ်ခုပင် ဖြစ်သည်။ အိမ်ရှေ့တွင် ပိတောက်ပင်ကြီးတစ်ပင်ရှိပြီး အဖြူရောက်ဆေးသုတ်ထားသော နှစ်ထပ်တိုက်ရှေ့ရောက်သည်နှင့် ကားကိုစက်သတ်ခိုင်းလိုက်၏။ မောင်တိုးကို ကားထဲမှာပဲစောင့်စေခဲ့ပြီး လင်းကတော့ ခြံထဲဝင်ခဲ့သည်။ အိမ်ထဲမဝင်ခင် အပြင်မှာ ဖိနပ်ချွတ်ခဲ့ရပြီး ခြင်လုံသံဇကာတပ်ထားသော တံခါးမကြီးအား တွန်းဖွင့်ဝင်လိုက်သည်နှင့် ကျယ်ပြန့်ရှင်းသန့်သော ဧည့်ခန်းကို အရင်ရောက်သည်။ အဖြူစွတ်စွတ် ကြိမ်ပက်လက်ကုလားထိုင်နှစ်ခုံသာရှိသည့် ဆရာမကြီး၏ ရိုးလွန်းရှင်းလွန်းလှသော ဧည့်ခန်းကပင် စွဲဆောင်မှုတစ်မျိုးရှိနေသည်မှာ ငြင်းမရ။ ပေါလစ်သုတ်ထားသော ကြမ်းခင်းသည် ပြောင်လက်သန့်ရှင်းကာ ခပ်သင်းသင်း ပျံ့နှံ့နေသော ဇွန်ပန်းရနံ့က အစောကအထိ ထုံထိုင်းနေသော သူ့စိတ်ကို ကြည်လင်သွားစေသည်။
"ကိုငယ် ရောက်လာပြီလား။"
အိမ်ပေါ်ထပ်မှ ဆင်းလာသော ဆရာမကြီးသည် အသက်ခြောက်ဆယ်နား ကပ်နေပြီဖြစ်သော်ငြား ကျော့ရှင်းသော မြန်မာဝတ်စုံနှင့် အမြင်တင့်စွာ လှနေဆဲဖြစ်သည်။ ပိန်ပိန်ပါးပါးနှင့် အမြဲသွက်လက်သော ဆရာမကြီးသည် သူတပ်နေကျ လေးထောင့်မျက်မှန်နှင့် သူဆိုးနေကျ နှုတ်ခမ်းနီပန်းရောင်ကို တောက်ရွှန်းထိန်အောင် ဆိုးထားသော်လည်း အမြင်မရိုင်းပေ။ ကျက်သရေရှိစွာ သိက္ခာကြီးမည့် အသွင်ကိုသာ ဆောင်နေ၏။ ဒီအမျိုးသမီးကြီးသည် သူ့အရာအားလုံး ထုတ်ပြောရလောက်အောင် ယုံကြည်အားကိုးဖွယ်။
![](https://img.wattpad.com/cover/141370349-288-k909373.jpg)
YOU ARE READING
လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)
Poetryငါ့အချစ်က အတ္တတွေ မကင်းပေမဲ့ မင်းကြိုက်တဲ့ အဖြူရောင်ပါ။ -လင်း-