အပိုင်း နှစ်ဆယ်
ချစ်ခြင်းမေတ္တာဟာ သစ်ရွက်သေလေးတစ်ရွက်
ကြီးကျယ်ခမ်းနားတဲ့ နေရာဒေသတွေ၊ အေးချမ်းတိတ်ဆိတ်ပြီး နွေးထွေးစေမဲ့ အကြည့်တွေ၊ ချစ်ခြင်းမေတ္တာလို့ခေါ်တဲ့ ထိုအဖြူရောင်နယ်မြေရဲ့ အလွန်မှာ ဘာတွေရှိလိမ့်မလဲ။
မပြည့်စုံမှုကို ဖြည့်တွေးပေးနိုင်မဲ့ နှလုံးသားတစ်စုံဟာလည်း အသွေးနဲ့အသား မျှတစွာ စမ်းချောင်းရေလို စီးဆင်းနေဆဲ။ တစ်ခါတစ်ရံ အချစ်ဟာ မိုးကြိုးလျှပ်စစ်လို ကျယ်လောင်ပြီး၊ တစ်ခါတစ်ရံမှာတော့ အချစ်ဟာ သစ်ရွက်သေလို ပေးဆပ်မှုမျိုးနဲ့ ငြိမ်သက်နေပြန်တယ်။
သမိုင်းထဲမှာ အချစ်ကြောင့် စစ်ပွဲတွေ ခဏခဏဖြစ်ခဲ့ရပြီး တစ်ယောက်ကိုတစ်ယောက် အနိုင်ယူခဲ့ပေမဲ့ ရာဇဝင်ထဲက အချစ်ဇာတ်လမ်းတွေမှာတော့ ဝမ်းနည်းစရာ ဇာတ်သိမ်းခန်းတွေသာ ပိုပြီးများလာခဲ့ရ။
အခုထိသာ လက်ခံရခက်တဲ့ အတိုက်အခံတွေ မရှိဘူးဆိုရင် အချစ်ဟာ သစ်ရွက်သေတွေလို ငြိမ်သက်မှုမျိုးနဲ့ သိပ်ပြီးပျင်းစရာကောင်းလွန်းနေမလား။
...............
ဆောင်ညခင်းရဲ့ လေနုအေးသည် တည်ငြိမ်နေသယောင်နှင့် မသိမသာ စိမ့်၍စိမ့်၍ အေးလာသည်။ အနီရောင်အုတ်ကြွပ်များဖြင့် ခန့်ညားတင့်တယ်သော အိမ်ကြီးက လရောင်အောက် တိတ်ဆိတ်ငြိမ်သက်စွာ အိန္ဒြေယူနေပြန်၏။ မီးရောင်မှုန်ပြပြသာ ထွန်းထားသော်လည်း ပြည့်ဝင်းနေသောလရောင်ကြောင့် ည၏အလှသည် မှိန်မသွားဘဲ လသာဆောင်ရှေ့မှကြည့်လျှင် ခြံစောင့်ဂိတ်တဲကလေးကို လှမ်းမြင်ရသည်၊ ပေတရာလမ်းမကြီးကို မြင်နေရသည်။ ညာဘက်ကိုလှမ်းကြည့်လျှင် တစ်မျှော်တစ်ခေါ်လောက်ဆီမှ အိမ်တစ်လုံး၏ မီးရောင်ကို ရေးရေးမြင်နေရသည်။ ဘယ်ဘက်မှာတော့ မှိုင်းညှိ့နေတဲ့ တောအုပ်ကလေး။
"ပျင်းစရာကောင်းလိုက်တာနော်။"
ဝရံတာလက်ရန်းကို လက်နှစ်ဖက်နဲ့ကိုင်ဆွဲလို့ အောက်ခြေအကာကို ခြေဖြင့်ကန်ကာ ကိုယ်ကို လေးကိုင်းသဏ္ဍာန်ကွေးရင်း တစ်ဦးဝေတစ်ယောက် ညည်းတွားလိုက်တော့ ဘုန်းရောင်နေလင်း ဝရံတာပေါ် တက်ထိုင်ပြီး တောအုပ်ဆီကြည့်နေရာမှ ခုန်ဆင်းလိုက်၏။ ပြီးနောက် တစ်ဦးဝေနည်းတူ ဝရံတာလက်ရန်းကို ကိုင်ဆွဲလိုက်သည်။
![](https://img.wattpad.com/cover/141370349-288-k909373.jpg)
YOU ARE READING
လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)
Poetryငါ့အချစ်က အတ္တတွေ မကင်းပေမဲ့ မင်းကြိုက်တဲ့ အဖြူရောင်ပါ။ -လင်း-