အိပ်မက်

2.9K 287 12
                                    

အပိုင်း တစ်ဆယ့်တစ်

"အိပ်မက်"

အိပ်မက်ဖမ်းသူတစ်ယောက်ရဲ့ အိပ်ကပ်ထဲ မွှေနှောက်ကြည့်တော့ ရှားရှားပါးပါး ထွက်ကျလာတာ စီးကရက်ဖင်ပိုင်းနှစ်ခု။ မီးနဲ့ညှိရင်တော့ တောက်လောင်အုံးမှာပဲ။ ဘယ်အထိလောင်ကျွမ်းနိုင်မလဲ သိချင်မိတယ်။

နှလုံးသားတစ်စုံ ထိုးထည့်ဖို့ နေရာမလုံလောက်လို့ သောက်ပြီးသား ဒီစီးကရက်တွေ ဖမ်းဆုပ်ထားခဲ့တာလား။ ဝရံတာပေါ်မှာ ခြွေချထားခဲ့တဲ့ ပြာတွေရော သိမ်းထားခဲ့သေးလား။

ဝေးဝေးမကြည့်နဲ့ အချစ်ရေလို့ ပြောပြီးတဲ့နောက်မှာတော့ တဖြည်းဖြည်း အိပ်မက်တွေက ဝေးလွင့်ခဲ့ရတယ်။ သေချာကြည့်တော့မှ ပြာတွေနဲ့ တူနေပြန်တဲ့ ပုံရိပ်တွေ။

ညနေခင်းရဲ့ နိုးတဝက်အိပ်မက်တွေသည် ရုန်းထွက်ဖို့မကြိုးစားဘဲ ထောင်ချောက်တစ်ခုမှာ ပိတ်မိနေတယ်လို့ သူခံစားရနေရခြင်းပဲဖြစ်သည်။

..................

သုခ လင်းနဲ့အတူ ပြတင်းပေါက်ဘောင်ကို ခွထိုင်ပြီး စီးကရက်တစ်လိပ်ကိုဖွာလိုက်သည်။ တဖြည်းဖြည်းချင်း တိမ်ဝင်သွားသော နေလုံးအား တစ်ယောက်က လွမ်းဆွေးတမ်းတဖွယ် ပန်းချီကားတစ်ချပ်လို ခံစားနေစဉ် တစ်ယောက်က ဘဝနေဝင်ခြင်းကို ရှေးရှုး၍ သံဝေဂသဘောဖြင့် ခံစားနေမိသည်။

"ဘဝဆိုတာ စဉ်းစားကြည့်ရင် မွေးလာပြီးမကြာခင် သေရတာပဲ။"

ခပ်လှမ်းလှမ်းက တိမ်တွေပြေးနေသော ကောင်းကင်ဆီ စီးကရက်ငွေ့ကို မှုတ်ထုတ်လိုက်သည်။ မကြာခင်မှာပင် အငွေ့များကွယ်ပျောက်သွားပြန်သည်။ ဘဝဆိုတာလည်း စီးကရက်အငွေ့တွေလိုပဲ။ ပျောက်ကွယ်သွားဖို့ မျက်တောင်တစ်ခတ်လောက်ပဲကြာတာ။

"ရှင်သန်ရခြင်းဒုက္ခတွေကို မသိကြတဲ့ လူတွေ။ သံသရာလည်မှာကိုကျ မကြောက်ဘူး။ သံသရာလည်တဲ့အခါ အဖော်မရှိမှာပဲ ကြောက်ကြတာ။"

ပါးရိုးများချိုင့်ဝင်သွားတဲ့အထိ စီးကရက်ကိုရှိုက်ကာ ကောင်းကင်ဘက်ဆီ မှုတ်ထုတ်လိုက်သော လင်း။ သုခ ထိုစကားများကို ပြန်လည်ဆွေးနွေးဖို့ထက် နားထောင်ရုံသာ ထောင်နေမိ၏။ နေဝင်ခါနီးပြီးမို့ အနောက်ဘက်ကောင်းကင်တစ်ခုလုံး နီရဲနေပြီး ကျိုးတိုးကျဲတဲမြင်နေရသည့် အပင်အိုတွေဟာ နောက်ဆုံးအချိန်ဆိုတာကို သတိမမှုမိသလို ရှင်သန်နေကြပြန်သည်။ အိပ်တန်းတက်တဲ့ ငှက်တွေဟာလည်း မနက်ဖြန်တွေ ရှိနေအုံးမှာ သေချာသလို ယုံကြည်ချက်မျိုးဖြင့် အမြင့်ဆုံးနှင့် အဝေးဆုံးကို အားစိုက်ထုတ်လို့ ပျံသန်းနေကြ၏။

လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)Where stories live. Discover now