အမေ့ခံ

3.7K 340 22
                                    

အပိုင်း ခုနှစ်

အမေ့ခံ

နီယွန်မီးရောင်တွေအောက်
ကြယ်တွေရဲ့တည်ရှိခြင်းဟာ အမေ့ခံသပ်သပ်။

မင်းကမှ မချစ်တတ်ဘဲ မင်းကိုထားသွားကြလို့ အပြစ်တင်နေရင်၊
မင်းလျစ်လျူရှုလိုက်တိုင်း တစ်လှမ်းစီ နောက်ဆုတ်ပေးရမဲ့ ကြယ်တွေဟာ
နောက်ဆုံး မင်းရဲ့ကောင်းကင်မှာ နေရာပျောက်ခဲ့ရပြီ။

............

ခရီးက ပြန်လာပြီး နောက်ထပ်သီတင်းပတ်တစ်ခု ကုန်ဆုံးသွားပြီးနောက် ရောင်နေအလုပ်ဝင်ရမည့် နေ့ရက်များသို့ ရောက်လာခဲ့၏။ မန္တလေးအိမ်မှ လူများသည် ရောင်နေကို ဘာမလုပ်နှင့် ဘာလုပ်ပါဟု ဝင်စွက်ဖက်မည့်သူ မရှိတာပင် ကျေးဇူးတင်ရမည်။ မန္တလေးစိတ်ကျန်းမာရေးဆေးရုံသည် အမရပူရမြို့နယ် မြစ်ငယ်၊ ထုံးဘိုလမ်းခွဲမှာ တည်ရှိသည်။ အိမ်ကလည်း အမရပူရမြို့နယ်ထဲမှာမို့ နီးသယောင်ယောင်ရှိသော်လည်း အမြဲအသွားအပြန် လုပ်နေရပါက အလုပ်ရှုပ်နိုင်တာကြောင့် ရောင်နေ အဆောင်ယူရန် ဆုံးဖြတ်ခဲ့သည်။ ဖေဖေကတော့ မတားပါ။ မေမေလေးက အိမ်မှာနေရန် တိုက်တွန်းသော်လည်း ဖိအားမပေးခဲ့သဖြင့် တော်ပါသေး၏။ တစ်ချက်တစ်ချက် ထဖောက်တတ်သည့် ကိုငယ့်ရဲ့ မိသားစုစုံစုံလင်လင် နေရအောင်ပါဆိုတာကိုတော့ ရောင်နေ ဘယ်လိုပဲ ကြိုးစားကြိုးစား ယောင်ဝါးဝါးဖြစ်ပြီး နားမလည်နိုင်ခဲ့။

မပြည့်စုံသူဟာ ပြည့်စုံဟန်ဆောင်လို့လည်း ကွက်လပ်တွေ ပြည့်သွားမှာမှ မဟုတ်ဘဲ။ အသက်ငါးနှစ်ကတည်းက မပြည့်ခဲ့တဲ့ စုံစုံလင်လင်ဟာ အသက်သုံးဆယ်နှစ်နှစ်မှာ ထူးပြီး စုံလင်မသွားနိုင်။ ဘယ်သူမှလည်း လာပြီးတော့ ဖြည့်တင်းမပေးနိုင်။ မွေးလာကတည်းက ဖြစ်တည်လာသည့် ဒီဘုန်းရောင်နေလင်းဟာ ရုတ်တရက်ကြီး ထက်မြတ်ရှိန်လင်း မဖြစ်သွားနိုင်သလို၊ သုခပြည့်လျှံလည်း ဖြစ်လာမှာမဟုတ်။ သူဟာ ကွက်လပ်တွေအပြည့်ဖြင့် သူပဲ ဖြစ်နေဦးမည်ဖြစ်သည်။

"ကိုကြီး ပြင်ပြီးပြီလား။ ကားအဆင်သင့်ဖြစ်ပြီ။"

လင်း အခန်းထဲဝင်လာရင်း ပြောင်ရှင်းနေသော အခန်းကို မျက်စိတဖြတ်အတွင်း ကြည့်လိုက်တော့ သူဝယ်ပေးထားသည့် မွေ့ယာကို ခုတင်ပေါ်မှာ တင်လျက်သား တွေ့လိုက်ရသည်။ ကိုကြီးကတော့ အိတ်တစ်ခုထဲကို ဆေးစာအုပ်တွေထည့်ကာ လက်စသတ်နေ၏။

လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)Where stories live. Discover now