Part - 9
" ကိုကြီး ဒါဘာလုပ်နေတာလဲ "
" ဟွန်းပဲ ရေခဲမုန့် သွားစားမယ်ဆို မနေ့ ညကပြောထားတယ်လေ "
" ရေခဲမုန့် ဆိုင်က လမ်းထိပ်တင်နော် . . ကိုကြီးက ဘာလို့ ကားထုတ်နေတာလဲ "
" အဲ … "
အစက ကျွန်တော်လည်း ကားထုတ်ဖို့ အစီအစဉ်မရှိပါဘူး ။ ဟွန်းကဘစက်ဘီးယူခဲ့မယ်ထင်လို့ တောင် ကားသော့ကိုမထုတ်ထားဖြစ်တာ ။ ဒါပေမဲ့ ခြံထဲဝင်လာတဲ့ဟွန်းက လူချည်းပဲ ဗလာသက်သက်လာတာဆိုတော့ ကားနဲ့သွားရမလားဆိုပီး အိမ်ထဲတောင်ပြေးဝင်ပြီး ကားသော့သွားယူရတာ ။ ဟုတ်သားပဲ လမ်းထိပ်တင်ကို ကားနဲ့သွားတာကတော့ နည်းနည်း … ။
" ကိုကြီးစက်ဘီးနောက်က လိုက်မစီးရတာကြာပြီ ။ ကျွန်တော့ကို တင်နင်းနော် "
မလှမ်းမကမ်းမှာ သော့ခတ်ထားသော စက်ဘီးကိုလက်ညိုးထိုးပြ၍ ဟွန်းကပြောသည် ။ မစီးတာကြာပြီဖြစ်တဲ့ စက်ဘီးက ဖုန်မှုန့် တွေတောင်တက်နေသေးတယ် ။ ဟွန်း ကျွန်တော့ကို တင်နင်းလို့ ရတဲ့အရွယ်ကစပြီး ဒီစက်ဘီးကို မစီးဖြစ်တော့သည်မှာ တော်တော်တောင်ကြာခဲ့ပြီ ။ နောက်တော့လည်း တက္ကသိုလ်တက်ရတော့ ပါပါးက ကားဝယ်ပေးတာကြောင့် အမှတ်တရတွေအများကြီးရှိနေခဲ့တဲ့ ဒီစက်ဘီးကို သော့ခတ်သိမ်းထားလိုက်တော့တာ ။
" သေချာကိုင်ထားနော် "
စစထွက်ချင်း ကျွန်တော့ရဲ့စက်ဘီးလေး ဘေးကိုယိုင်ထိုးသွားရခြင်းက အရင်နဲ့မတူစွာ ဖွံ့ဖြိုးလာပြီဖြစ်တဲ့ ဟွန်းရဲ့ ကိုယ်အလေးချိန်ကြောင့် ဖြစ်ပါလိမ့်မယ် ။
" အားး ဒီလိုဇိမ်မခံရတာ ဘယ်လောက်ကြာပြီလဲ "
ကျွန်တော့နောက်ကျောကို မှီလို့  ခါးကိုအတင်းဖက်ထားတဲ့ ဟွန်းဆီက စကားသံဟာ အတိတ်ကို အမှန်တကယ် သတိရစေတယ် ။ ဒီလမ်းမှာ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ခြေရာတွေထပ်ခဲ့ဖူးသလို ဒီလမ်းမှာပဲ ဟွန်းရဲ့ ပထမဆုံးစက်ဘီးစီး သင်ခြင်းကို စတင်ခဲ့ရတယ်လေ ။
" ဟားဟားး "
အနောက်ကို လှည့်ကြည့်မိတော့ အော်ရယ်မိသည်အထိပဲ ။ ခွထိုင်တော့ ခြေတံတွေရှည်တဲ့ ဟွန်းက ခြေထောက်နှစ်ဖက်ကို ဘေးကိုကားယားကြီး ချဲထားသည် ။