Sehun ခေါင်းကိုက်နေတာမှန်ပေမဲ့ ကုတင်ပေါ်မှာလှဲမနေချင် ။ ဒါကြောင့် သူ့အတွက် ပထမဆုံးရောက်ဖူးခြင်းမဟုတ်သော်လည်း ကိုကြီး၏အခန်းကို လှည့်ပတ်ကြည့်ကာ စာရေးစားပွဲပေါ်တွင် ထိုင်လိုက်သည် ။
စာရေးစားပွဲမှာ အမြဲနေရာယူထားသော သူနှင့်ကိုကြီး၏ photo frame ကို ယူကြည့်ကာ ပြုံးလိုက်မိသည် ။ အချိန်တွေကြာပြီဖြစ်သော်လည်း ဒီငယ်ငယ်ကပုံလေးသည် ကိုကြီးစားပွဲထက်မှာ နေရယူနေမြဲဖြစ်သည် ။ သူတို့ငယ်ငယ်က ပုံလေးကို ကြည့်ရုံဖြင့် အရင်ကအချိန်တွေကို ပြန်မြင်ယောင်ရသည်အထိဖြစ်သည် ။
" မှန်းစမ်း .. ဒါဘယ်နှတန်းတုန်းကပါလိမ့် "
" ဟင်းး .... ကိုကြီးက အခုထိအသက်ရောကြီးလာတာ မှန်ရဲ့လား "
ငယ်ငယ်တုန်းက Sehun ကိုကြီးအပေါ် အရမ်းဆိုးခဲ့သည် ။ ပူဆာလို့ရသမျှ ပူဆာခဲ့သည် ။ ကိုကြီးဆီက ဂရုစိုက်မှုကို သူသာရချင်သည်အထိ ဆိုးခဲ့ဖူးသည် ။
ဒါပေမဲ့ အသက်တွေကြီးလာတဲ့အခါ Sehun အရင်လို ကလေးမဆန်တော့ ။ ယောက်ျားလေးတွေက လူပျိုအရွယ်ဖြစ်လာတဲ့အခါ ပြောင်းလဲသင့်သလောက် ပြောင်းလဲသွားကြတာ အမှန်ပင် ။ ဥပမာ ခန္ဓာကိုယ်အချိုးအစားပြောင်းလဲလာတာမျိုး ၊ အသံတွေပြောင်းလာတာမျိုး ၊ အရင်လိုကလေးမဆန်တော့တာမျိုး ၊ အဆိုးဆုံးကလတော့ စကားနည်းလာပြီး ဖာသိဖာသာနေတတ်တာမျိုးပေါ့ ။
ဒါကြောင့် Sehun ကိုကြီးနဲ့ နည်းနည်းဝေးကွာသွားတယ်ဟု ထင်မိပေမဲ့ ကိုကြီးကတော့ သူ့အပေါ်ကို အရင်လိုဂရုစိုက်ပြီး မပြောင်းလဲဘဲ ဖြစ်သည် ။ ကိုကြီးသည်လည်း ငယ်ရာကကြီးလာတာပေမဲ့ ဘာလို့ Sehun လို မပြောင်းလဲသွားမှန်း Sehun မသိပါလေ ။
ကိုကြီးသည်လည်း မုန့်သွားလုပ်နေတာ ပြန်မလာသေးတာမို့ Sehun ပျင်းတာနဲ့ အသင့်ရှိနေတဲ့ ရှေ့မှ Laptop ကို ဖွင့်ကာ ဂိမ်းကစားဖို့ပြင်လိုက်သည် ။
အရင်နဲ့မတူ ထူးဆန်းတာက Laptop wallpaper မှ Sehun တစ်ယောက်တည်း၏ ပုံရိပ်တခုဖြစ်သည် ။ ဒါကတော့ ငယ်ငယ်တုန်းကပုံမဟုတ် ။ နောက်ပြီး Sehun သိသည့်ပုံမဟုတ်ခဲ့ ။တခုခုဆို စိတ်ထက်အလျင် လက်တို့က gallery ထဲရောက်နှင့်ပီးသား ။ တချို့ file တွေကို lock ထားပီး . . Lock မခတ်ထားတဲ့ file တချို့မှာ ရှိတဲ့ပုံတွေက ကိုကြီး၏ပုံထက် သူ့ပုံတွေကပိုများနေသည် ။