Anime Poetry (5) -Colourful-

52 4 0
                                        

- သေချာ သေပါ -

မာရဏမြစ်ကမ်းက
ကာစီနိုရုံထဲမှာ
ဝိညာဉ်တွေ သွားလာလျှက်ပေါ့ ။

အဲ့ဒီ မျက်မမြင်နံရံမှာ
လှည်းဘီးလောက်ရှိတဲ့
ပဋိစ္စ သမုပ္ပါဒ်အဝိုင်းဟာ လည်နေတယ်
ဝိညာဉ်တစ်ခုက အဲ့ဒီအဝိုင်းကို ဖဲချပ်နဲ့ပေါက်တယ်
ဖဲချပ်က ဗဟိုကို သွားစိုက်တော့
ဘဝဒင်္ဂါးတွေ တချွမ်ချွမ်သူ့ရှေ့ လျော်ချပေးတယ် ။

ငါဟာ
ဘဝတွေ အများကြီးပိုင်ဆိုင်ထားတဲ့
ဗလာကောင်ကြီး
Metal တွေ နားထောင်ရင်း ငရဲသွားနေခဲ့ ။

သိက္ခာမရှိတဲ့ ဝိညာဉ်တွေသာ
မှတ်တိုင်မှာ ကိုယ့်ဘဝကိုယ်မစောင့်ဘဲ
မျောနေတဲ့ သူဌေးသားရဲ့ ခန္ဓာကိုယ်ထဲ
ဝင်ရောက်ကပ်ပါးကြတာ ။

ဝိညာဉ်တွေရဲ့ အလုပ်က လေလွင့်ရတာ
ပြီးတော့ လူ့ဘဝတုန်းက အမှတ်တရနေရာတွေ
ချစ်ရတဲ့သူတွေရဲ့ အနားမှာ ရစ်သီရင်း
မျက်ရည်တွေ ဝဲနေရတာလို့
လဲတော့မယ့် ဘီယာပုလင်းကိုအမြန်ဖမ်းရင်း
မူးရူးနေတဲ့ ဝိညာဉ်က ပြောတယ် ။

သိပ်တော့မျှော်လင့်မနေပါနဲ့
လူ့ဘဝတုန်းက လူ့ဘဝအဓိပ္ပါယ်မရသလို
ဝိညာဉ်ဘဝနဲ့လည်း ဝိညာဉ်ဘဝဓိပ္ပါယ်
ရမှာမဟုတ်ဘူး ။

လှပတဲ့ကောင်မလေးဟာ
ဝတ်ချင်စားချင်လွန်းလို့
သေခါနီး စပွန်ဆာ အဖိုးကြီးနဲ့
Hotel ထဲ ဝင်သွားတာကို
အပြင်ကငေးကြည့်နေတဲ့
သေပြီးသားငနဲဟာ ငါပါ ။

ဟို သေချင်နေတဲ့ ကောင်မလေး
သေရတာ တန်အောင် ရှင်သွားပါဦးလား ။

ဒါမှမဟုတ် ငါအရင်သေကြည့်မယ်
မင်းက အခေါင်းဖိုးနဲ့ကူးတို့ဖိုးစိုက်
နောက်မှ အရသာ ဘယ်လိုရှိလဲ
မင်းကို သေချာ ပြန်ပြောပြမယ် ။

ချယ်ရီပန်းပေါင်းများစွာ
ငါခူးလိုက်မှ ခေါင်ရမ်းပန်းတွေ ဖြစ်ဖြစ်သွား
တစ်နေ့တော့ ကမ္ဘာကြီးဟာ
ခေါင်ရမ်းပန်းတွေကြား နစ်မြုပ်သွားမှာ
ငါမတည်းခိုနိုင်တဲ့
ဟိုတယ်အဆောက်အဦးတွေထက်မြင့်အောင်
ခေါင်ရမ်းအဆီအနှစ်တွေ မို့တက်လာမှာ
ငါဟိုတယ်ပြတင်းကနေ ခွက်နဲ့လှမ်းခပ်ပြီး
တမလွန်ဝိုင်အဖြစ်သောက်ပစ်ဦးမှာ ။

သိဒ္ဓတ္ထ ထွန်းညှိတဲ့
ခြင်ဆေးခွေ့အငွေ့ကို
ဝိညာဉ်တွေဟာ ငေးနေကြတယ် ။

ဘယ်ဘဝရောက်ရောက်
ဘယ်ဘဝမှ ထပ်မရောက်ပါစေနဲ့ ။

- သူဝေး -

Anime Poetry ( သူဝေး )Where stories live. Discover now