Anime Poetry (2) -Ocean Waves-

130 3 0
                                    

- ငယ်ရွယ်ခြင်း ရိုကျိုးခြင်း -  

ကျွန်တော်ဟာ
ဓမ္မတာလာနေတဲ့ မိန်းမလှလေးနဲ့
လေယာဉ်တစ်စင်းပေါ်မှာ ပိတ်မိနေတဲ့
မတော်တဆ တိုကျိုခရီးသည် ။

ကျွန်တော်တို့ ယောကျာ်းလေးတွေဟာ
ကိုယ့်ကိုကိုယ်အထင်ကြီးခဲ့ကြပါတယ်
လူပျိုပေါက်ဘဝမှာ
ကျွန်တော်တို့ ယောက်ျားလေးတွေကပဲ
မိန်းကလေးတွေဆီက ပိုက်ဆံချေးတတ်ပြီးတော့
ကျွန်တော်တို့ ယောကျာ်းလေးတွေကပဲ အဲ့ဒီ
ချေးထားတဲ့ ပိုက်ဆံကို ပြန်မပေးဘဲနေတတ်တာလို့
ထင်မှတ်မှားခဲ့တယ် ။

ငါ့အကြွေးမဆပ်ဘဲ
ငါ့ရှေ့မှ တစ်နေ့တစ်ခြားလှပလာနေတဲ့
မိန်းကလေးတစ်ယောက်ကို
ငါဘာလုပ်သင့်လဲ ။

ဒီနွေရာသီမှာ ငါတွေးမိတာက
ငါတို့မြီးကောင်ပေါက်နေ့ရက်တွေဟာ
ငါတို့နှလုံးသားကို
တဖြည်းဖြည်းတန်ဖိုးရှိလာစေမယ့်အရာတွေ
ဆိုတဲ့အကြောင်းပေါ့ ။

ငါ့မှာ
တစ်လောကလုံး သူ့လုပ်စာထိုင်စားနေတဲ့
မျက်နှာကြောတင်းတင်း ကျောင်းသူလေးကို
ချစ်ခွင့်ရှိပါတယ် ။

ဒါပေမယ့် ငါတို့ဟာ
ငါတို့အချစ်တွေကို ဝန်မခံဘဲနဲ့လည်း
ပြီးဆုံးခိုင်းခဲ့ဖူးတယ် ။

နောက်တော့ ငါတို့အသက်ကြီးလာ ။
အလုပ်အကိုင်တွေနဲ့
လက်မှတ်ချည်တိုင်နဲ့
သောက မြို့ပြနဲ့ ။

ညနီနီတစ်ခုရဲ့
ကျောင်းသားဟောင်းတွေ ပြန်ဆုံတဲ့ဝိုင်းမှာ
တစ်ယောက်ယောက်က ပွဲကိုရောက်မလာတဲ့
အတန်းဖော် ကျောင်းသူလေးနံမည်ကို ထရွတ်ရင်
သူ့ခွက်ထဲကို ထပ်မထည့်ပါနဲ့တော့
သူ့ကို အိမ်ပြန်ပို့ပါ
သူ့အိမ်မှာ ကျန်နေမယ့် ဇနီးကို လေးစားပါ ။

အိမ်ထောင်ရေးတွေ စုတ်ပြဲတဲ့အခါ
သားသမီးတွေရဲ့ မျက်လုံးတွေထဲက
ပုရွက်ဆိတ်တွေသာ ထွက်လာမှာ ။

ခြေစုံရပ်မှ ခြေထောက်တွေက ပိုလို့လှ
လေတိုက်တဲ့ဆံပင်ကို ပြန်ဖိချ
ငါ့ကို ခေါင်းညိတ်ပြ
နူးညံ့သောဘူတာလေးပါ ရီကာကို ။

လူလတ်ပိုင်းဖြစ်ခါနီး ဘဝရဲ့
ခံစားချက်ပိုင်းဆိုင်ရာ အတွေးအခေါ်က
သင်လည်းလူလွတ်ဖြစ်သေးရင်
သူလည်း လူလွတ်ဖြစ်သေးရင်
နှလုံးသားတွေမှာလည်း နေရာလွတ်သေးရင်
သင်ကြိုးစားရမှာက တခြားမဟုတ်ပါ
ကျောင်းတုန်းက
ကောင်မလေးတစ်ယောက်ကိုသာ ။

- သူဝေး ၊

Anime Poetry ( သူဝေး )Where stories live. Discover now