Anime Poetry(15) -Poppy Hill-

41 0 0
                                    

- Anime Poetry ( 15 ) ခံစား၍ -

ထမင်းပေါင်းအိုးမှာလည်း နိုင်ငံတော် သီချင်းရှိတယ် ။
ဝက်သား ၄၀၀ ဂရမ်မှာလည်း နိုင်ငံတော် သီချင်းရှိတယ် ။
ဆိပ်ကမ်းမြို့ကလေးမှာလည်း နိုင်ငံတော် သီချင်းရှိတယ် ။

အရွယ်ရောက်ပြီ ထင်တယ် ၊ အချစ်တွေ ဝါဒဖြန့်ခံနေရပြီ ။
လေညှင်းတွေရဲ့ လက်ကမ်းစာစောင်ဝေခြင်းကိုလည်း ခံနေရပြီ ။

မိသားစုဓာတ်ပုံ နည်းနည်းပဲရှိတဲ့အိမ် ၊
တောင်ကုန်းပေါ်က အလံလွှင့်နေတဲ့အိမ် ၊
စောစောရင့်ကျက်နေတဲ့ အားဖျော့နှုတ်ခမ်းနဲ့ မိန်းကလေးရဲ့အိမ် ။

ပြီးတော့ ပျင်းစရာသတင်းစာမှာ ပျော်စရာဆယ်ကျော်သက်ကဗျာရေးသူ ။
ပြီးတော့ စက်ဘီးအကြီးကြီးနဲ့ ကုန်းတက်တွေလည်း နင်းနိုင်သူ ။
ပြီးတော့ တွေးခေါ်ရ ၊ ရဲရင့်ရတဲ့ တက်ကြွလှုပ်ရှားသူ ။
ပြီးတော့ သူရဲကောင်းကိုနောက်မှလုပ်ပြီး
တကယ့်အရေးကို အရင်လုပ်သင့်ကြောင်းကို
ပြာပုံမိန့်ခွန်းကိုလည်း လက်ခံသူ ။

ကုန်စုံဆိုင်တွေချည်းပဲ ရှိပါစေ ၊
သူသာလိုက်ပို့ရင် ကမ်းနားညဈေးဟာ ကြည်နူးစရာ မီးရောင်ဝါ ။

သေချာတန်ဖိုးထားတဲ့ မျက်လုံးတွေနဲ့ ကြည့်ခဲ့ပြီးမှ
နောက်နေ့တွေမှာတော့ အဲ့ဒီမျက်လုံးတွေကို ပြန်သိမ်းဆည်းသွားတယ် ။
ကျောင်းဆင်းချိန်ကိုလည်း ‘သူစိမ်းရောင်’ သုတ်လိမ်းပစ်တယ် ။
ရာသီဥုတုဟာ တိမ်အဖွားအိုတွေ ချောင်းတဟွတ်ဟွတ်အုပ်မိုး ။
Coquelicot ပန်းတွေကလည်း ကျောင်းဝတ်စုံဂါဝန်လေးကို မတိုးဝေ့တော့ဘူး ။
မိုးစက်တွေကို ချေးငှားလို့ မျက်ရည်လုပ်ငိုကျွေးနေတဲ့ သစ်သားလမ်းမီးတိုင်တွေ ။
သူမဟာ တစ်စုံတစ်ယောက်က နှုတ်ဆက်ရင်တောင် ပြန်မနှုတ်ဆက်ချင်တဲ့
ထီးပါလျှက်နဲ့ မိုးရေတွေ အရမ်းရွှဲနေတဲ့ မိန်းကလေးဖြစ်သွားတယ် ။
အပေါစားဇာတ်လမ်းနဲ့တူမလား သံသယရှိပေမယ့်
ငါတို့မတတ်နိုင်ခဲ့ပါဘူး ။
ဖိနပ်အောက်က ရွှံ့တွေကို ခြစ်ခွာခံရတဲ့
ကျောက်တုံးတွေရဲ့အဖြစ်ကို နားလည်လာမိတယ် ။

စစ်သုံးသင်္ဘောတွေထက် သောင်တူးသင်္ဘောတွေပေါ်ကပဲ
ငှက်တွေ ဝဲပျံနေလိမ့်မယ် ။
အပြာရောင်အာခေါင်နဲ့ နိုင်ငံတော်သီချင်းအော်ဆိုနေတဲ့
ပင်လယ်ကို ငေးကြည့်ကြမယ် ။
အစိုးရက ဘယ်လိုချစ်ရမယ်လို့ မထုတ်ပြန်ထားပေမယ့်
ငါ့ကို ပိုပြီး ဖြောင့်ဖြောင့်ဖြူးဖြူးချစ်ပါ ။

ငါ့လက်ကိုလည်း ကိုင်ထားပါ ။
ငါ့လက်ချောင်းတွေဟာ အချိန်အနည်းငယ်ပဲ နူးညံ့တော့မှာ ။
နောက်ဆို မင်းကို ချက်ပြုတ်ကျွေးဖို့ ဟင်းသီးဟင်းရွက်တွေလှီးဖြတ်ရင်း
ကြမ်းတမ်းသွားခဲ့တော့မှာ ။

- သူဝေး -

You've reached the end of published parts.

⏰ Last updated: Oct 06, 2019 ⏰

Add this story to your Library to get notified about new parts!

Anime Poetry ( သူဝေး )Where stories live. Discover now