- မျက်ရည်ဒေဝီ -
နွေဦးကို သော့ဖွင့်ပေးတော့ ချယ်ရီပန်းတွေ ပျံသန်းသွားကြ ။
ဒါပေမယ့် သူမက ချယ်ရီပန်းမှ မဟုတ်တာ
သူမက မျက်ရည်ဒေဝီပဲ
သူမရဲ့ယက်ကန်းက ထွက်တဲ့ပုဝါတွေက
မျက်ရည်သုတ်ဖို့ကလွဲရင် ဘာအတွက်မှ သုံးမရ
သင်ဘယ်အရွယ်ကနေ ပျော်ရွှင်ခြင်းတွေ စတင်လို့
တဖြည်းဖြည်း ကုန်ဆုံးခဲ့ပြီး ဘယ်အရွယ်ရောက်တဲ့အချိန်မှာ
ပျော်ရွှင်ခြင်းဝါးစုဘူးကိုလှုပ်ခါတော့ ဘာအသံမှ မကြားရတော့တာလဲ ။ရစ်ငှက်နဲ့ မှိုတွေရတဲ့ ညနေမှာပဲ သူမတို့မြို့တော်ကို ပြောင်းရွှေ့သွားခဲ့ ။
မြို့ကြီးပြကြီး ။ ငါတို့ကို အမြဲနာကျင်စေတဲ့ မြို့ကြီးပြကြီးရေ ... ။
သင်ဟာ ချွန်ထက်သန်မာတဲ့ ခေါင်မိုးတွေကို အံသွားလုပ်ပြီး
ကျေးလက်နေလူသားတွေကို ကြေညက်စွာ အပျော်တမ်း ဝါးစားနေကျပေါ့
တောင်ယာပြုန်းတီးတဲ့ ကျေးလက်လူငယ်တွေ
မြို့ပေါ်မှာ သူခိုးဂျပိုးဖြစ် ဈေးလမ်းထဲမှာ စုတ်ပြတ်ပြေးလွှား
မိုးရွာထဲမှာ ကန်ကျောက်ရိုက်ပုတ်ခံရ သိမ်ငယ်မှုနဲ့သွေးတွေစီးကျချိန်
နတ်ဘုရားဟာ လပေါ်က ဆင်းမလာ ။ကျေးလက်မှာတော့ ချောင်းထဲ ကွန်ပျစ်လည်း ပျော်ရွှင်ခြင်းတွေ
တဖျပ်ဖျပ်ခုန်ပြီးပါလာ တောထဲသစ်သီးခူးလည်း ပျော်ရွှင်ခြင်း
အစေးတွေ စီးကျလာနေကျ ဒါပေမယ့် ကျေးလက်က ထင်းမီးခိုးဟာ
မြို့ကြီးပြကြီးကို ခေါင်းငုံ့အရှုံးပေးသွား
ရွှေငွေစည်းစိမ် ဂုဏ်သိမ်တွေက ပျော်ရွှင်ခြင်းကို ရေနွေးနဲ့ပက်ပြီး ရယ်ကြ
ဟန်ဆောင်ခြင်း၊ အတင်းကာရောအထက်တန်းကျခြင်းတွေက
ပျော်ရွှင်ခြင်းကို ဆံထိုးနဲ့ ထိုးသတ်ပြီး အလောင်းကို တံတွေးနဲ့သဂြိုလ်ကြ
မင်းသမီးလေးဟာ မျက်ခုံးမွှေးတွေ အရှင်လတ်လတ် အနှုတ်ခံရပြီး
ဆေးမည်းတွေခြယ် တော်ဝင်ဗျပ်စောင်းကို ခတ် ဖခင်အတွက်
ခပ်ညံ့ညံ့သတို့သားတွေကို စောင့်ရင်း စိတ်သေကို အတိတ်သေနဲ့ဖုံးလို့ ။ကလေးဘဝရဲ့ ပုံစံငယ်အဖြစ် မြက်တောလေးကို လဲလျောင်းကြည့်
အန္တရာယ်ရှိတဲ့ သီချင်းတွေကိုလည်း အလိုလိုဆိုမိ
လူသားတစ်ယောက် မပျော်တော့ဘူးဆိုတာကို
ကောင်းကင်ဘုံက အမြဲသိနေသလိုလို နေ့တွေ ။အားယားနေတဲ့ ဘုရင်တွေရဲ့ စောက်လုပ်က မိန်းမအသစ်အသစ်တွေထပ်ယူဖို့ပါပဲ
သူမရဲ့တော်ဝင်အလှဟာ သူမရဲ့ လည်မြိုထဲက သံမဏိငါးရိုး
မုဒိန်းကျင့်ခြင်းဝေါဟာရ မရှိတဲ့ ပဒေသရာဇ်ဘုရင်တစ်ပါးအတွက်
သူမဆီမှာ ချစ်ခြင်းလည်း မရှိ မုန်းခြင်းလည်း မရှိ
ငြင်းပယ်ခြင်းနဲ့ အတိပြီးခြင်းပဲရှိ သူမရဲ့ အပျိုရည်ဟာ ဘူးသီးခြောက်ထဲက
သေရည်မဟုတ် မည်သူမျှ ဝယ်ယူ သောက်သုံးခွင့်မရှိ ။သူမရဲ့ မျက်ရည်ဥမှာ အရိပ်ထင်နေတာ ကျေးလက်က ဝါးအိမ်
သူမရဲ့ မျက်ရည်စီးကြောင်းမှာ မျောပါသွားတာ
ကျေးလက်က သံယောဇဉ် ၊ ကျေးလက်က သူငယ်ချင်း
သူမအမြဲတမ်းမျောလွင့်ချင်တဲ့ ကျေးလက်မိုးသားက
အလွတ်လပ်ဆုံး တိမ် ။သူမ ကျေးတောသားလေးနဲ့ လေပေါ်အပျော်ဆုံးပျံသန်းချိန်မှာပဲ
လဟာ သူ့ရဲ့ချက်ကြိုးကို ပြန်ဆွဲဖို့ အဝေးဘုံကျောင်းမှာ ခေါင်းလောင်းထိုးခဲ့
မှတ်ဥာဏ်ဖျောက်ဝတ်ရုံဟာ ဘယ်ပွဲလမ်းသဘင်မှာ ဝတ်ဆင်ဖို့လဲ
ကောင်းကင်ဘုံဟာလည်း သူ့နည်းသူ့ဟန်နဲ့ ရက်စက်ခဲ့ပါတယ် ။ကျေးလက်ရေ ... အသင် သူမကို အထင်မလွဲပါလေနှင့်
သူမဟာ သင်တို့နဲ့အတူ တောင်စောင်းက ပျော်ရွှင်စွာလိမ့်ကျချင်ဆဲ
ကျေးတောသူလေးပါပဲ သူမဟာ ကတ္တီပါ ကော်ဇောကို ပုန်ကန်
သင့်ထံပဲ ပြန်ပြန်လာချင်နေခဲ့တဲ့ အတောင်ကျိုးရစ်ငှက်လေးပါပဲ
သူမဟာ ဘဝမမေ့သူ၊ ဖြူစင်ခြင်းနဲ့ ပျော်ရွှင်ခြင်းကို တန်းတူထားသူ ၊
ဒါမှမဟုတ် မျက်ရည်ဒေဝီ ၊ ဒါမှမဟုတ် ဝမ်းနည်းခြင်းသမီးတော်
ဒါမှမဟုတ် သက်တမ်းစေ့လရောင်ရဲ့ စည်းကမ်းမဲ့ နတ်သမီး ...
မင်းသမီးလေး ကာဂူယာပါပဲကွယ် ... ။- သူဝေး -
YOU ARE READING
Anime Poetry ( သူဝေး )
Poetryဆရာသူဝေး Facebook accountမှ Animeများကို ကဗျာများအဖြစ် ခံစားရေးသားထားသော (Anime Poetry)ကဗျာများအား ခွင့်ပြုချက်တောင်း၍ ပြန်လည် ကူးယူဖော်ပြထားပါသည်။ - credit - https://www.facebook.com/thu.way.1 ( Thu Way )