Anime Poetry (3) -Wolf Children-

66 5 0
                                    

- နာကျင်မေမေ -

အချစ်စာအုပ်ကိုဖတ်ခဲ့တယ်
စာအုပ်ဆုံးတော့
ကျွန်မဟာ အမေတစ်ယောက်ဖြစ်နေတယ် ။

တက္ကသိုလ်ရဲ့ နောက်ဆုံးခုံတန်း
နှလုံးအိမ်ထဲက ဝံပုလွေ
လပြည့်ညရဲ့မေတ္တာဆူး
အထီးကျန်မှုကို အတူတူမီးရှို့ကြ ။

လူလူချင်းညားပြီး
ခွေးဘဝနဲ့ နေသွားရတာလည်း ရှိတာပဲ
ကျွန်မ ဝံပုလွေနဲ့ လက်ထပ်ခဲ့ ။

ပျော်ရွှင်ခြင်းကို အမြင့်ဆုံးအဆင့်ထိရခဲ့
ဒါ့ကြောင့် ဝမ်းနည်းခြင်းတွေ
ကျွန်မအကျီ င်္စကို လာဆွဲတဲ့အချိန်မှာလည်း
ကျွန်မ ဖြေသာနိုင်ခဲ့ ။

မိုးရွာတဲ့နေ့
မြို့လယ်မှာ သေနေတဲ့ ဝံပုလွေ
စည်ပင်က အမှိုက်ကားပေါ်တင်သွား
ကလေးကို ကျောပိုးရင်း ငိုရတဲ့
အမျိုးသမီးကို ထီးသွားဆောင်းပေးကြ ။

လူတွေချည်းပဲ မွေးထားရတာတောင်
ထိန်းရလွယ်လို့လား
အခုက လူလိုလို သူ့အဖေလိုလိုလေးတွေ
သူတို့ မောင်နှမရန်မဖြစ်ဖို့
သူတို့ သူများစားတာမငေးဖို့
သူတို့ ကျောင်းမှာ ဗီဇမပြဖို့
ကျွန်မ အမေရဲ့ တာဝန်တွေချည်းသာ ။

ကျွန်မတာဝန်တွေဟာ
တစ်သက်လုံးချုပ်တောင် မကုန်တဲ့
အပ်ချည်တွေ ။

သမီးရေ မေမေ့ကို ချစ်ရင် ဖေဖေ့ဓာတ်ပုံကြည့်ပါ
လက်သည်းဝှက်ပါ
သားရေ မေမေ့ကို ချစ်ရင် ဖေဖေ့ဓာတ်ပုံကြည့်ပါ
အမြှီးကို ဝှက်ပါ ။

အမေတွေဟာ
သူတို့သောကတွေနဲ့သူ
လျှို့ဝှက်စွာ
ကဗျာဆရာမတွေဖြစ်နေခဲ့ ။

သားပျောက်ရှာနေတဲ့အမေကို
ရှင့်သားကို လျှပ်စီးတွေက ခိုးသွားတာလို့ ပြောရင်
သူမဟာ တောင်ပံတွေ အလိုလိုပေါက်လာမှာ
မိခင်စိတ်ဟာ လေထဲကို ပင့်တင်သွားမှာ
မုန်တိုင်းတွေနဲ့ ပျံဝဲစစ်ထိုးမှာ ။

အမေ့ကို နှုတ်သီးနဲ့နမ်းတဲ့
အဖေတူသားလေး
မေမေ့ထက် တောတောင်တွေကို ပိုချစ်သတဲ့လား ။

အချစ်စာအုပ်ကို
ကျွန်မဆက်ဖတ်တယ်
ကျွန်မ အမေဖြစ်လို့ မဝနိုင်သေးဘူးလေ ။

- သူဝေး -

Anime Poetry ( သူဝေး )Where stories live. Discover now