မိုးရွာထားပြီး အေးစိမ့်စိုထိုင်းစွာ နိုးထလာရတဲ့ မနက်ခင်းတွေကို မနှစ်မြို့လိုက်တာ။ ဒီလိုမနက်မျိုးပေါ့။ခေါင်းထဲက မကြည်လင်မှုနဲ့ ပေါင်းစပ်လိုက်တော့ သေချင်လောက်အောင် စိတ်ညစ်
သွားတယ်။ညှို့မှိုင်းကာနေတဲ့
တိမ်ဆိုင်တွေဟာ ကောင်းကင်ပြင်ကို
အပိုင်သိမ်းထားလေရဲ့။ ကိုယ်အံဩ မိတယ်
မင်းက ဒီတိမ်ဆိုင် မဲညစ်ညစ်တွေ ဖုံးလွှမ်းထားတဲ့ ကောင်းကင်ပြင်ကြီးများလား။မင်းရဲ့
အနက်ရှိုင်းဆုံးသော နှလုံးသားတစ်နေရာမှာရော ရာသီဥတု သာယာပါရဲ့လား။ မဖြစ်နိုင်ဘူး။အခု ကိုယ်ကြည့်နေတဲ့ မှန်ပြတင်းက မြင်နေရတဲ့ ခပ်လှမ်းလှမ်းက ထင်းရူးပင် မြင့်မြင့်ကြီးတွေနဲ့ အဲ့ဒီအနီးနားတစ်ဝိုက် အုံ့ဆိုင်းကာနေတဲ့ မြူခိုးတွေလို မှိုင်းမှုန်နေမှာ။ဆေးလိပ်ငွေ့တွေနဲ့လေ။" နိုးပြီလား သား"
မိသားစု နဲ့ ဒီလို စားပွဲဝိုင်းမှာ ထိုင်နေရတာက နှစ်ချို့သစ်ပင်တွေ ပေါက်ရောက်နေတဲ့ တောထဲမှာ ပိတ်မိနေသလိုပဲ။ အသက်ရှုကျပ်လိုက်တာ။
"ဟုတ် အမေ"
" သားရဲ့ အဖေကို မနက်စာစားဖို့ ခေါ်လိုက်ဦး"
ချိုသာသော အပြုံးများဖြင့် မနက်တိုင်း လုပ်ခိုင်းနေကျ အလေ့တစ်ခုကို အမေ ဒီနေ့လည်း ထပ်၍ ဆောင်ရွက်ခိုင်းသည်။နားမလည်နိုင်တာ အဲ့ဒါပါ။ မနက်ခင်းတိုင်း မနက်စာကို စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ စားကိုစားရမည်ဆိုတာ ဒီစားပွဲနဲ့ တစ်ကိုက်စာတောင်မဝေးတဲ့ ခုံမှာထိုင်ကာ မနက်ခင်းသတင်း ကြည့်နေတဲ့ အဖေဟာ မသိလေရော့သလား။ ထလာလိုက်ရင်ကော မရပေဘူးလား။ဝတ္တရားဆိုတာကို ပျော်ရွှင်ချစ်ခင်စရာ အလေ့အကျင့်လေးတွေလို ဟန်ဆောင်ပြီး အရွယ်ရောက်သားသမီး တစ်ဦးကို မိသားစုဆိုတဲ့
စည်းဝိုင်းထဲမှာ ထိန်းထားချင်တာ ရယ်စရာမကောင်းဘူးလား အမေ။