ကိုယ်သိတယ်..အရှေ့ကဝိုးတဝါးမြူတွေထဲမှာပြေးနေတာ Jeon ။ကိုယ်မသိတာက ဘာလို့ Jeon ကပြေးနေတာလဲ။ဒီနေရာက ဘယ်နေရာလဲ။ ကိုယ်ကရော ဘာလို့လိုက်နေတာလဲ။မြူတွေက ပိတ်သိပ်နေတာပဲ။ဘေးမှာထင်းရူးပင် အမြင့်ကြီးတွေ။
မိုးမျှော်တိုက်ကြီးတွေ လိုပဲ။တိမ်နန်းတော်လို ဘေးမှာ မြူတွေက ရစ်သိုင်းလာတယ်။ငယ်ငယ်က တိမ်တွေကို ထိတွေ့ချင်တဲ့ စိတ်ကူးလို။မဟုတ်ဘူး...။အခုကိုယ်က လေယာဉ်ပေါ်မှာ။ဘေးက ပြတင်းပေါက်ကနေ တိမ်တွေကို မြင်နေရတယ်။မဟုတ်ဘူး...။ကိုယ်ငှက်ဖြစ်နေတာ အတောင်တွေနဲ့ပါလား။ဘယ်တုန်းတည်းကလဲ။စိတိဝိညာဉ်က နွမ်းလျနေတယ်။အိပ်တန်းတတ်ချင်နေပြီ။ နေဝင်ပါတော့။
ခက်တာက နေ။နေမှ မသာဘဲ။ဟုတ်တယ်....။
ဒီနေ့ရာသီဥတု မကောင်းနိုင်ဘူးလို့ မနေ့ကမနက် သတင်းမှာနားထောင်လိုက်ရတယ်။ရုတ်တရက် ထင်းရူးတောထဲမှာ ပိတ်မိနေတယ်။ဘေးက ထင်းရုးပင်တွေက အစုလိုက်ကိုယ်ဘေး ဝန်းရံလာကြတယ်။ ဒီအနံ့အသက်တွေကိုရင်းနှီးတယ်။ စိုစွတ်ထိုင်းမှိုင်းနေတယ်။ မနက်တိုင်း အမေဖျော်ပေးတဲ့ အချိုးမကျလှတဲ့ကော်ဖီနံ့။ ပြီးတော့ ကျောင်းသွားတိုင်း အုတ်တံတိုင်းဘေးမှာ ရပ်နေတဲ့ Jeon။ Jeon ရဲ့ မျက်ဝန်းတွေ။အိုး...
တီ တီ တီ
ဆက်ကနဲပွင့်လာတဲ့ မျက်လုံးနဲ့ ခြောက်ကပ်ကပ် လည်ချောင်း။ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ လုံးဝမမှားနိုင်တဲ့ သူ့အခန်း။မနေ့ညက အထိ သူ Jeon အခန်းမှာ ရှိနေတာလေ။ အဲ့ဒါကရော ဆောင်းတွင်းအိမ်မက် တစ်ခုပဲလား။ ရင်ထဲ ဟာခနဲဖြစ်သွားတာနဲ့အမျှ ဝမ်းနည်းစိတ်နဲ့ မျက်ရည်တွေ ဒလဟော စီးကျလာတယ်။
နားထဲဝင်ကုန်ပြီလားမသိဘူး။ငယ်ငယ်တုန်းက ဘာမှမဟုတ်ဘဲ အိပ်ယာနိုးတိုင်း ငိုတတ်တဲ့ ညဉ်ဆိုးကြီးက အခုထိ လိုက်နေဆဲ။အမေက ပိုင်မုန့်တွေ လုပ်ကျွေးဖူးတယ်။အဲ့လိုဆို လစ်ဟာနေတာတွေ ပျောက်သွားရော။အခုက သူ့ရင်ထဲက ဟာနေတဲ့ ကွက်လပ်ကို ဘယ်လိုမှ ဖြည့်ဆည်းလို့မရဘူး။
