Zawgyi>>>
"မေမေ?"
ရှောင်းကျန့်သူ့မျက်စိရှေ့ရှိ ဝါးတားတားပုံရိပ်လေးကို အံသြမှုများနှင့်စိုက်ကြည့်နေမိသည်၊ တစ်ကြိမ်တစ်ခါမျှမမြင်ဖူးလိုက်သော်လည်း သူဟာငါ့အမေပါလားဆိုသည့် ခံစားမှုကိုငြင်း၍မရ၊
"မေမေ ဟုတ်တယ်မလား"
ထိုပုံရိပ်ငယ်လေးဆီမှစကားတစ်ခွန်းမှထွက်မလာ ရှောင်းကျန့်ကိုသာပြုံး၍စိုက်ကြည့်နေသည်၊
"တောင်းပန်ပါတယ်"
တိုးလွန်းလှသော လေသံပျော့ပျော့လေးသည် ရှောင်းကျန့်ကြားဖို့အတွက်တော့ ပီသလွန်းနေသည်၊ ရှောင်းကျန့်ပါးစပ်မဟရသေးခင် သူမကစကားဆက်ပြောလာသည်၊
"ကောင်းကောင်းကြီးပြင်းခဲ့တာပဲ...
မေမေ့ရဲ့အားကျန့်က..."ရှောင်းကျန့်ပါးစပ်ဟလိုက်သော်လည်း ဘာစကားလုံးမှထွက်မလာ၊ တစ်ခုခုကသူ့ကိုစကားမပြောမိအောင် တွန်းအားပေးနေသလိုမျိုး။ အတွေးမဆုံးခင်ပင် သူ့ရှေ့တွင်ခန့်ညားသော ယောကျာ်းတစ်ယောက် အသွင်ကပေါ်လာသည်။ သူသေချာမှတ်မိတာပေါ့ ဒီလူကြီးက လူမမယ်ကလေးတစ်ယောက်ကို မျက်နှာစိမ်းမိသားစုထံ ပေးကာကိုယ်လွတ်ရုန်းသွားခဲ့သောသူ။ တစ်နည်းအားဖြင့် သူ့အဖေ၊ ယခုလည်းထိုလူကြီးက သူ့ကိုမကြည့် သူ့အမေဆီသာတစ်လှမ်းချင်းလျောက်သွား၍ တစ်စုံတစ်ရာပြောလိုက်သည်၊
ထို့နောက် နှစ်ယောက်လုံး ရှောင်းကျန့်ဘက်သို့ ပြိုင်တူလှည့်ကြည့်လာသည်၊ပြုံးနေတယ်။ ဟုတ်တယ် သူတို့နှစ်ယောက်လုံးပြုံးနေကြတယ် ဘယ်တော့မှထပ်မတွေ့ကြတော့မယ့်သူကို နောက်ဆုံးနှုတ်ဆက်နေသော အေးချမ်းလှသည့်အပြုံးမျိုး...
ရှောင်းကျန့်သဘောပေါက်လိုက်ပြီး
"မဟုတ်ဘူး မသွားပါနဲ့ ခန...ခနဖြစ်ဖြစ်..."
ရှောင်းကျန့် ထိုပုံရိပ်နှစ်ခုဆီသို့ပြေးသွားမိသည်
သူပြေးလိုက်လေလေ ပိုဝေးသွားလေလေနှင့် နောက်ဆုံးဘယ်သူမှမရှိတော့သော အမှောင်ထုထဲတွင် သူတစ်ယောက်တည်း..."ရှောင်းကျန့်"
မဟုတ်ဘူး၊ သူတစ်ယောက်တည်းမဟုတ်ဘူး
အသံတစ်ခုကြားလိုက်ရသေးတယ် သူ့ကိုစိုးရိမ်တကြီးခေါ်နေတဲ့အသံ
