Episode -4

248 21 4
                                    

ဒီရက်ပိုင်းတွေမှာ သွေးစစ်နဲ့ခက်ထန် မတွေ့ဖြစ်တာ အတော်ကြာခဲ့ပြီ။ အတိအကျဖြင့်ဆိုရရင် ခက်ထန်နှုတ်က မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားကြောင်း ဝန်ခံပြီးထဲကလို့ ဆိုရမည်။ ခက်ထန်က ဘောလုံးကန်ဖို့၊ စက်ဘီးစီးဖို့ ခေါ်ရင် ငါစာလုပ်စရာရှိသေးလို့ ဆိုပြီး သွေးစစ်ဘက်က အကြိမ်တိုင်းငြင်းဆန်နေခဲ့သည်။ နောက်ဆုံး စာအတူလုပ်ဖို့ပြောရင်တောင် မင်းကသေချာလုပ်တာမဟုတ်ဘူး မင်းကြောင့် ငါအနှောက်အယှက်ဖြစ်တယ်ဆိုတဲ့စကားကြောင့် ခက်ထန်လည်း မခေါ်ဖြစ်တော့ဘဲ နေလိုက်တော့သည်။

နေ့တိုင်းအနားမှာ အချိန်တိုင်းလိုလို အတူရှိနေခဲ့တဲ့ သူငယ်ချင်းတစ်ယောက်က ချက်ချင်းဆိုသလို မခေါ်မပြောမတွေ့ဘဲ နေလိုက်တော့ မနေတတ်တာတော့ အမှန်ပင် ။ သွေးစစ်တို့အိမ်သို့ သွားရဖို့ အမေတစ်ခုခုခိုင်းတိုင်း ခက်ထန်တစ်ယောက် မညီးမညူနဲ့ ခိုင်းသမျှလုပ်ပေးနေတတ်သည်။ သွေးစစ်အိမ်သို့ ရောက်တိုင်း အမြဲစာကျက်နေတဲ့ သွေးစစ်ကို တွေ့ပေမယ့်လည်း မနှုတ်ဆက်ဖြစ်ခဲ့ဘူး။ သွေးစစ်မှာ ရည်မှန်းချက်တွေကြီးလို့ စာတွေကြိုးစားနေတာနေမှာပါလို့ပဲ ဖြည့်တွေးမိသေးသည်။ စာမေးပွဲတွေပြီးရင်တော့ ကျွန်တော်တို့အရင်လို ပြန်ရင်းနှီးသွားကြမှာပါလို့ ခက်ထန်မျှော်လင့်ထားသည်။

သက်ပြင်းတိုးတိုးလေးချရင်း အမေယူခိုင်းလိုက်တဲ့ မီးသွေးထုတ်ကိုယူကာ စက်ဘီးအနောက်ခုံမှာ ကြိုးနဲ့ချည်လိုက်ပြီး အမေ့ဆိုင်သို့သွားဖို့ ပြင်နေလိုက်သည်။ ကွက်တိကွက်ကြားပဲရှိတဲ့ဆေးရောင်လေးတွေရယ် ၊ ဆိုဖာမပါတဲ့ အနောက်ထိုင်ခုံလေးရယ် ၊ အပေါက်ပေါက်နေတဲ့ ခြင်းရယ်၊ ဘရိတ်သိပ်မမိတဲ့ ဒီစက်ဘီးလေးဟာ အတော်ကို စုတ်လှပါသည်။

ဒါပေမယ့် ခက်ထန်အတွက်တော့ သိပ်ကိုအဖိုးတန်ပြီး အမှတ်တရတွေ များရတဲ့ စက်ဘီးလေးပါ ။ ခဏခဏပျက်လို့ ပြင်လိုက်စီးလိုက်နဲ့ ဒီစက်ဘီးအစုတ်လေးကိုပင် သံယောဇဉ် ဖြစ်နေမိသည်။ ဒီစက်ဘီးလေးက အမေ့ဆိုင်ဖွင့်တာ သိမ်းတာအတွက်လည်း အများကြီး ကူညီဖော်ရတယ် ။

ပြီးတော့ သွေးစစ်နဲ့ ကျောင်းအသွားအပြန်ကိုလည်း ဒီစက်ဘီးလေးနဲ့ပါပဲ။ ကျောင်းပိတ်ရက်တွေမှာတောင် ဒီစက်ဘီးတစ်စီးနဲ့ပဲ နှစ်ယောက်ထဲ စက်ဘီးပတ်စီးခဲ့ကြသေးတာ အမြဲလိုလိုပင်။ တစ်ခါကဆိုရင် ဘရိတ်လုံးဝမမိတော့လို့ မြောင်းထဲကို စက်ဘီးရော ကျွန်တော်တို့နှစ်ယောက်လုံးရော ပြုတ်ကျခဲ့ဖူးသည်။ အဲ့ဒီတုန်းက မြောင်းရေတွေနဲ့ ပေကျံနေတဲ့ သွေးစစ်ကိုကြည့်ပြီး အူတက်မပြတ်ရယ်ခဲ့ရသေးသည်။ သွေးစစ်ရဲ့လက်သီးစာအပြင် အမေ့ရဲ့ရှည်မြောလှတဲ့ ဆုံးမသြဝါဒတွေပါ နားထောင်ခဲ့ရသေးသည်။

WRONGWhere stories live. Discover now