အခန်း ၁၆ (Chapter 16)

212 30 7
                                    

(Unicode Version)

စားသောက်ပွဲကပြန်လာချိန်အထိ သူတို့နှစ်ဦးစကားတစ်ခွန်းမှ မပြောဖြစ်ခဲ့ပေ။ သူမ,ရဲ့အခန်းရှေ့ကိုရောက်တော့ နှုတ်ဆက်စကားတောင်မပြောဘဲ အထဲ၀င်ဖို့ပြင်လိုက်တဲ့ သူမ,ကို နောက်ကျောကနေ သူ သိုင်းဖက်ထားလိုက်မိသည်။

"ကိုယ် အရမ်းကြောက်နေမိတယ်‌...ဆောင်း။ မင်း တစ်ချိန်ကျရင် ကိုယ့်ကို ပစ်သွားလိမ့်မယ်ဆိုတဲ့အတွေးက ကိုယ့်ကို ခြောက်လှန့်နေတယ်။ ကိုယ် ဘယ်လိုလုပ်ရမလဲဟင်!?"

သူမ,က ဘာမှပြန်မပြောခဲ့ပါ။ သူမ,ရဲ့ဆိတ်ဆိတ်နေခြင်းက သူ့အတွက်တော့ အနုနည်းနဲ့ နှိပ်စက်နေခြင်းတစ်မျိုးပင်။ သူ ဘာလုပ်သင့်သလဲ!? သူမ,ပြန်ချစ်လာစေဖို့ သူ ဘာလုပ်ရမလဲ!?

"ကိုယ်တို့ အတူနေကြရအောင်နော်။"

သူမ,က သူ့ရဲ့လက်တွေကို ကြမ်းကြမ်းတမ်းတမ်းဆွဲဖယ်ပြီး လှည့်ကြည့်လေသည်။

"ရှင် ဘာပြောနေတာလဲဆိုတာကိုရော သိရဲ့လား!?"

"သိတယ်...ကိုယ် သိတာပေါ့။ ကိုယ်တို့အတူနေကြဖို့ ပြောနေတာလေ။"

"အဓိပ္ပါယ်မရှိတဲ့အလုပ်တွေကို ရပ်တန်းကရပ်လိုက်တော့။"

"အဓိပ္ပါယ်သိပ်ရှိတာပေါ့။ ကိုယ့်အတွက်က မနက်နိုးလာတိုင်း မင်းရဲ့မျက်နှာလေးကို မြင်ချင်တယ်။ ညအိပ်ရာ၀င်တိုင်း မင်းကိုပွေ့ဖက်ထားချင်တယ်။ ကိုယ့်ရဲ့အချိန်တိုင်းကို မင်းနဲ့အတူ မျှဝေခံစားချင်တယ်။"

"ကျွန်မ ဒီကိစ္စကိုလက်မခံနိုင်ဘူး။"

"မင်း လက်မခံဘူးဆိုရင် ကိုယ် ဟိုနေ့ကလို ရူးမိုက်တဲ့အလုပ်တွေကို ထပ်လုပ်မိလိမ့်မယ်။ ကိုယ့်ဘ၀ကြီးပျက်စီးသွားမှာကိုတော့ မင်း မမြင်ချင်လောက်ဘူးလို့ ထင်တယ်။"

"ရှင့်မှာ မာနမရှိဘူးလား ရိမင်ရှင်း!? ကျွန်မဆီက ဒီလောက် အပြောအဆိုခံနေရ‌တာတောင် ရှင် စိတ်မနာသေးဘူးလား!?"

ကြယ်ကလေးရဲ့ ကောင်းကင်                                        (The Sky of a Star)Hikayelerin yaşadığı yer. Şimdi keşfedin