~Unicode~
"ရှောင်ကျန့်...ခင်ဗျားပြဇာတ်တွေကြိုက်လား..."
စာကြည့်တိုက်ကိုနှစ်ပတ်လောက်နီးနီးရောက်မလာခဲ့တဲ့ရိပေါ်က ဒီနေ့မှာတော့ ထူးထူးဆန်းဆန်းရောက်ချလာတဲ့အပြင် ရှောင်ကျန့်အတွက်မေးခွန်းတစ်ခုပါသယ်လာတယ်။ ရှောင်ကျန့်တွေဝေသွားရတယ်။ တော်တော်နဲ့ပြန်မပြောမိ။ ရိပေါ်ကတော့ဘာစကားမှထပ်မပြောဘဲ ရှောင်ကျန့်ဆီကထွက်လာမယ့် အဖြေစကားကိုပဲစိတ်ရှည်လက်ရှည်နဲ့စောင့်နေတယ်။
"မပြောတတ်ဘူး...ကိုယ်ပြဇာတ်တွေမကြည့်ဖြစ်တာကြာပြီ..."
တော်တော်ကြာစဉ်းစားလိုက်ပေမယ့် ထွက်လာတဲ့အဖြေကလည်းမသေချာမရေရာပါပဲ။
"ဘာပဲဖြစ်ဖြစ်...ခင်ဗျားပြဇာတ်ကြည့်တယ်မှတ်လား..."
"အင်းပေါ့..အဲ့လိုပဲပြောရမှာပေါ့..."
"ဒါဆို ဒီညနေခင်ဗျားအလုပ်ဆင်းရင် ကျွန်တော်တို့ ပြဇာတ်သွားကြည့်ကြရအောင်လား..."
ပြဇာတ်လက်မှတ်နှစ်စောင်ကို စားပွဲပေါ်တင်လိုက်ပြီးရိပေါ်ကပြောလိုက်တော့ ရှောင်ကျန့်ကငေးခနဲဖြစ်သွားတယ်။ မျက်ဝန်းထဲမှာလည်း အံ့ဩရိပ်တွေနဲ့ ...။ နှုတ်ခမ်းတွေကတော့ခပ်ပြုံးပြုံးဖြစ်သွားတယ်။
"ဟုတ်ပြီလေ...ဒါဆိုသွားကြတာပေါ့ ... ဒါနဲ့ရိပေါ်စောင့်အဆင်ပြေပါ့မလား...ကိုယ်ကညနေထိအလုပ်ရှိတယ်"
"ရတယ်...ကျွန်တော်လာစောင့်မယ်"
"အိုခေ"
ရှောင်ကျန့်လက်ခံလိုက်တာနဲ့ ရိပေါ်ကခေါင်းငြိမ့်အသိမှတ်ပြုပြီး စာကြည့်တိုက်ထဲကထွက်သွားတော့တယ်။ ရှောင်ကျန့်ကလည်း အလုပ်တွေလုပ်ဖို့ကျန်နေသေးသလို ရိပေါ်ကလည်း ဒီနေ့အတန်းတက်ရဦးမယ်လေ။ရိပေါ်စားပွဲပေါ်မှာတင်ထားခဲ့တဲ့လက်မှတ်နှစ်စောင်ကိုတော့ ရှောင်ကျန့်ပဲကောက်သိမ်းထားလိုက်တယ်။
ဒီနေ့အချိန်ကုန်တာနှေးလွန်းတယ်။
ရှောင်ကျန့် အလုပ်ဆင်းဖို့ကိုပဲစိတ်စောနေရတယ်။...............
ညနေခင်းအချိန်ကိုရောက်တဲ့အခါမှာရိပေါ်တစ်ယောက် စာကြည့်တိုက်ထဲပြန်ရောက်လာတယ်။ ရှောင်ကျန့်ကတော့အလုပ်တွေလက်စသတ်နေတုန်းပဲ။ ရိပေါ်က ရှောင်ကျန့်အနားမှာမယောင်မလည်..ဟိုလျှောက်ဒီလျှောက်နဲ့။ ဂနာမငြိမ်ဖြစ်နေတဲ့ ရိပေါ်ကိုကြည့်ရင်းသူရယ်ချင်လာရတယ်။
