သာယာဝတီမင်းလက်ထက် ၁၈၄၀ခုနှစ်၊ အမရပူရမြို့တော်
တောင်စွယ်တွင်နေကွယ်တော့မည်။ တစ်စုံတစ်ရာကို တင်ဆောင်ထားသောလှည်းတစ်စီးသည် တောင်သမန်အင်းဆီသို့ ဦးတည်ရွေ့လျားနေလေသည်။ လှည်း၏နောက်တွင် အမရပူရမြို့ဝန်၊ ထောင်မှူး ထောင်ကြပ်တို့သည် မြင်းကိုယ်စီနှင့် လိုက်ပါလာကြသည်။ တောင်သမန်အင်း ရေပြင်အနီးသို့ရောက်သော် လှည်းများရပ်သွားကြသည်။ ထို့နောက် လှည်းပေါ်မှ ကတ္တီပါ အိတ်နီကြီးတစ်လုံးကို အာဏာပါးကွက်သားတို့က သယ်ယူလာကြသည်။ ထိုအိတ်နီကြီးအတွင်းတွင် ကျောက်တုံးကျောက်ခဲများနှင့်အတူ လူတစ်ဦးရှိပေလိမ့်မည်။
ထိုသူသည် အပြစ်သားဆိုလျှင် ရေချကွပ်မျက်ခံရမည့်အပြစ်သားဖြစ်သောကြောင့် မင်းဆွေမင်းမျိုးသာဖြစ်ရမည်။
နေလုံးကြီးသည် အရောင်မှိန်လာပြီး တောင်တန်းများနောက်သို့ပြေးဝင်ရန် ပြင်ဆင်နေချေပြီ။ ထိုအချိန်၌ မြို့ဝန်သည် မြှောက်ထားသော ညာလက်ကို အောက်သို့ချလိုက်သည်။ ထိုအခါ အာဏာပါးကွက်သားတို့က ကတ္တီပါအိတ်ကြီးကို တောင်သမန်အင်း ရေပြင်သို့ ပစ်ချလိုက်လေသည်။ ညနေခင်း၏ လေပြေနုနုအေးက တိုက်ခတ်လာပါ၏။ ကတ္တီပါအိတ်ကြီးသည်လည်း တောင်သမန်အင်း ရေပြင်၌ စုံးစုံးမြုပ်ချေပြီ။ ရေလှိုင်းကလေးများကမ်းစပ်သို့ရိုက်ခတ်လာပြီး ရေပြင်အလယ်တွင် ရေပွက်လေးများ တစ်ပွက် နှစ်ပွက်ထလာသည်။ ရေပွက်ကလေးများသည် လူ့ဘဝသည် 'ရေပွက်ပမာ ခဏတာ' ဟုပြောနေသယောင်။
မကြာလှသောအချိန်တွင် အမရပူရရွှေနန်းတော်အတွင်း၌မင်းချင်းတစ်ဦးသည့် ဒူးတုပ်လျက် မင်းတရားကြီးကို တစ်စုံတစ်ခု လျှောက်တင်လိုက်လေ၏။"ထုံးစံနှင့်အညီ ရေတွင်ဖျောက်ပြီးကြောင်းပါဘုရား"
မင်းမှုထမ်းလျှောက်တင်လာသည်ကိုကြားပြီးနောက် ဘဝရှင်မင်းတရားကြီးသည် တောင်သမန်အင်း ရှိရာအရပ်သို့မျက်နှာမူကာ ခေတ္တရပ်သည်။ ထို့နောက် အတွင်းဆောင်သို့ဝင်လေသည်။
အခြားနေရာတစ်ခုတွင်မူ ညှိုးနွမ်းနေဟန်ရှိသော အမျိုးသားကြီးတစ်ဦးသည် သလွန်ပေါ်တွင်ထိုင်ကာ ငိုကြွေးနေရှာ၏။ ပူဆွေးနေဟန်မှာ ပေါ်လွင်နေသည်။ခေါင်းငိုက်စိုက်လျက် တစ်ခွန်းတည်းသောစကားကိုသာ ရေရွတ်နေလေသည်။
YOU ARE READING
အမှားသင့်ကြမ္မာ -The Wrong Destiny
RomanceUnicode လူတွေဘာလို့သံသရာမှာ ပြန်ဆုံကြလဲသိလား ရေစက်ကြောင့်၊ ဝဋ်ကြွေးကြောင့် ၊ အချစ်ကြောင့်၊ အမုန်းကြောင့်၊ ရန်ငြိုးကြောင့် သူမကရော သူမချစ်ရတဲ့သူနဲ့ ဘာကြောင့်ဆုံခဲ့တာလဲ Zawgyi လူတွေဘာလို့သံသရာမှာ ပြန်ဆုံကြလဲသိလား ရေစက်ကြောင့်၊ ဝဋ်ကြွေးကြောင့် ၊ အချစ်ေ...