ဧရာဝတီမြစ်ထဲတွင် အိမ်ရှေ့စံ၏ မင်္ဂလာလှေတော်သည် ဖြည်းညင်းစွာ ရွေ့လျားနေသည်။ အရှေ့အရပ်မှ နေဝန်းသည် တောင်စွန်းတွင် မေးတင်နေလေပြီ။ လှေဦးပိုင်းတွင် ရပ်နေသူနှစ်ဦးသည်ကား အိမ်ရှေ့စံ စစ်ကိုင်းမင်းသားလေးနှင့် တောင်နန်းအပျိုတော် ရှင်မင်းနု တို့ဖြစ်သည်။
"မောင်တော် အမြင့်ကိုရောက်တဲ့အခါမှ နုနုဆီ မေတ္တာလမ်းခင်းချင်တဲ့အတွက်ကြောင့် ကြာသွားရတာပဲ။ မောင်တော့်ကို နုနု စိတ်ဆိုးနေမှာပဲ။ ဒါပေမယ့် မောင်တော် နုနု အပေါ် ဘယ်လောက် မေတ္တာထားတယ် ၊ ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာကို နုနု သိစေချင်တယ်။ ဘာမဟုတ်တဲ့ သာမန်မင်းသားဘဝနဲ့ နုနုအချစ်ကို မောင်တော် မတောင်းခံဝံ့ဘူး"
"အရှင့်သား အပေါ်မှာ နုနု စိတ်ကွက်ခဲ့ပေမယ့် အခုတော့ နုနု နားလည်ပါပြီ၊ မရှက်စတမ်းဝန်ခံရရင် နုနုဟာ လွန်ခဲ့တဲ့ ၆နှစ်တုန်းက အရှင့်သား နဲ့စတွေ့တဲ့အချိန်ကစပြီး မေတ္တာကို မျှော်လင့်ခဲ့သူပါ။ အိမ်ရှေ့စံမိဖုရားနဲ့ လက်ထပ်သွားတဲ့အခါမှသာ စိတ်ဆိုးပြီး မုန်းနိုင်ဖို့ကြိုးစားခဲ့ပါတယ်၊ လုပ်ရက်လေခြင်း ဆိုပြီး စိတ်နာပါတယ်၊ ဒါပေမယ့် အခုတော့ အဲ့ဒါတွေဟာ
ဘာမှမဟုတ်တော့ပါဘူး""မောင်တော့်ကို ခွင့်လွှတ်ပါ မောင့်နုနုရေ"
"ခွင့်မလွှတ်စရာဘာမှမရှိပါဘူး အရှင့်သား၊ ဒါပေမယ့် ပထမလူဖြစ်ခွင့်မရတာကိုတော့ နုနု စိတ်ထဲမကောင်းဘူး"
"နုနုက ပထမလူမဟုတ်ဘူးလို့ ဘယ်သူပြောတုန်းကွယ်။ နုနုဟာ အရင်ကတည်းက မောင်တော်ချစ်ခဲ့ရတဲ့ မောင့်အချစ်ဦး၊ မောင့် အသည်းဦးပါ"
မယ်နုသည် အိမ်ရှေ့စံကို မော်၍ကြည့်သည်။
" နုနုကို တကယ် ချစ်မြတ်နိုးရိုးမှန်ခဲ့ရင် အရှင့်သား ရွှေနန်းတက်တဲ့အခါ တောင်ညာစံမိဖုရားကြီးဟာ နုနု ဖြစ်ရမယ်လို့ ကတိပြုပါဘုရား"
အခြားသူများကြားပါက မသင့်လျော်သောစကားကို မယ်နု ဆိုသည်။ အိမ်ရှေ့စံ မိဖုရား ဆင်ဖြူရှင်မယ် ရှိပါလျက် အဂ္ဂမဟေသီနေရာကို တောင်းဝံ့သည်။ အဂ္ဂမဟေသီ သည် နန်းသွေးမနှောသော အပြင်လူ ဖြစ်ရိုးထုံးစံမရှိ။ သို့သော်...
YOU ARE READING
အမှားသင့်ကြမ္မာ -The Wrong Destiny
RomanceUnicode လူတွေဘာလို့သံသရာမှာ ပြန်ဆုံကြလဲသိလား ရေစက်ကြောင့်၊ ဝဋ်ကြွေးကြောင့် ၊ အချစ်ကြောင့်၊ အမုန်းကြောင့်၊ ရန်ငြိုးကြောင့် သူမကရော သူမချစ်ရတဲ့သူနဲ့ ဘာကြောင့်ဆုံခဲ့တာလဲ Zawgyi လူတွေဘာလို့သံသရာမှာ ပြန်ဆုံကြလဲသိလား ရေစက်ကြောင့်၊ ဝဋ်ကြွေးကြောင့် ၊ အချစ်ေ...