Part 8 (Unicode)

23 3 0
                                    

အမရပူရ မြို့တည်နန်းတည် ဗဒုံမင်းတရားကြီး (ဘိုးတော်ဘုရား) လက်ထက်...

"ဟဲ့ စွန်ငှက်တစ်ကောင် ထဘီတစ်ထည် ချီယူလာတယ် ကြည့်ကြစမ်း"

ဟုတ်ပေသည်။ အမရပူရရွှေနန်းတော်ဝင်းထဲသို့ စွန်ငှက်တစ်ကောင်သည် ထဘီနီတစ်ထည်ကို ကိုကိုက်ချီ၍ ပျံသန်းလာလေ၏။
​မြေပြင်တွင်လည်း လူအများပြောပြောဆိုဆိုနှင့် နောက်ကလိုက်ကြည့်နေကြသည်။
အနှီစွန်ငှက်ကား အဘယ်အရပ်သို့ဦးတည်၍ ပျံသန်းနေပါသနည်း။ ပထမဦးစွာ ​​​​​​ြဗဲတိုက်သို့ပျံသည်။ ထိုမှ နန်းတော်၏ လက်ဝဲဘက်သို့ပျံသည်။ အစဥ်အတိုင်း ပတ်၍ ပျံသန်းပြီးနောက်တွင် အဂ္ဂမဟေသီတောင်ညာစံဒေဝီ မိဖုရားခေါင်ကြီး၏ အဆောင်တော်သို့ရောက်ရှိလာလေ၏။ အဆောင်တော်ပေါ်တွင် သုံးပတ်လည်၍ ပျံသန်းကာ အဆောင်တော်၏ ဝဲဆောင်ပေါ်တွင်ချီယူလာသော ထဘီအနီကို ချထားခဲ့သည်။ ထို့နောက် သုံးကြိမ်တိုင် သာယာသော အသံဖြင့် ကျယ်လောင်စွာ မြည်ဟစ်ကာ အထက်သို့ အရှိန်နှင့် ပျံသန်းသွားတော့သည်။နန်းတော်ဆောင် ငှက်ခတ်တဲများမှ ငှက်တော်စောင့်များသည်လည်း မပစ်ခတ်နိုင်ဘဲ ငေးကြောင်၍သာ ကြည့်နေကြသည်။

ထိုသတင်းသည် ရွှေနန်းတော်အတွင်း အလျင်အမြန်ပင် ကူးစက်ပျံ့နှံ့သွားလေသည်။ ထိုမှတဆင့် နေပြည်တော် အတွင်းတွင်ပင် ပျံ့နှံ့နေလေပြီ။ ယုံကြသူတွေလည်းရှိ၊ မယုံကြသူတွေလည်းရှိ၊ သတင်းကတော့ ဟိုးဟိုးကျော်နေချေပြီ။အလွန်ထူးသောနမိတ်ဖြစ်သည့်ထို
သတင်းကို ဘဝရှင်မင်းတရားကြီးလည်းကြား
သိပေ၏။

"မောင်မင်းများ၊ ငါကိုယ်တော်မြတ်လက်ထက်မှာ မဖြစ်ဖူးလှတဲ့ ပုဗ္ဗနိမိတ်အနေဖြင့် တောနေသတ္တဝါ စွန်ငှက်ဟာ ထဘီကိုချီယူပြီး ရွှေနန်းတော်မှာ ချထားခဲ့တာ ကောင်းသော နိမိတ်ဖြစ်တယ်။ဤ ထဘီရှင်ဟာ သာမန်ဘုန်းကံရှိသူမဟုတ်ဟု ငါကိုယ်တော်မြတ် ထင်မြင််တော်မူတယ်။ချီးမြှင့် မြှောက်စားထိုက်သောဘုန်းကံ ရှိသူဖြစ်ခဲ့ရင် ချီးမြှင့်မြှောက်စားရန် ထိုက်လှပေတယ်"

ဘုရင့်အမိန့်တော်နှင့် နိုင်ငံတော်တဝှမ်း ထဘီရှင်ကို ရှာဖွေကြရာ နောက်ဆုံးတွင် ဖလံခုံရွာ၌ တွေ့လေသည်။
ဘုန်းကံကြီးမားသော ထဘီရှင် သတို့သမီးငယ်မှာ မင်းတရားကြီး၏ အမှုတော်ထမ်း ထောင်သင်းမှူး ဦးလှုပ်နှင့် ဒေါ်ငယ်တို့၏ သမီးကလေး 'မယ်နု' ဖြစ်သည်။
(ထောင်သင်းမှူး ဆိုသည်မှာ အမှုထမ်း တစ်ထောင်ကို အုပ်ချုပ်ကွပ်ကဲရသောအရာရှိဖြစ်သည်)
မိန်းကလေးငယ် မယ်နုလေး၏ အသက်မှာ ၁၁နှစ်ကျော်၍ ၁၂နှစ်အတွင်းတွင်သာ ရှိသေးသည်။ မောင်အို ဟုအမည်တွင်သော အစ်ကို တစ်ယောက်လည်းရှိသည်။

အမှားသင့်ကြမ္မာ -The Wrong Destiny Where stories live. Discover now