မိုးဒေဝါ
*************
ဆေးရုံတစ်ခုလုံး အိပ်မောကျနေသလိုပဲ တိတ်ဆိတ်နေတယ်။ ကျွန်တော်ကတော့ ကိုယ့်ရင်ခုန်သံ ကိုယ်ပြန်ကြားနေရတယ်။
အချိန်က မနက် တစ်နာရီကျော်လို့ နှစ်နာရီထိုးခါနီးဖြစ်နေပြီ ။ ကျွန်တော်နဲ့ ချမ်းက နားနေခန်းဖြစ်ပုံရတဲ့ အခန်းတစ်ခန်းထဲမှာ နှစ်ယောက်တည်း။
မိုးက ခပ်ဖွဲဖွဲလေးရွာနေပေမယ့် လေငြိမ်နေတဲ့အတွက် ပတ်ဝန်းကျင်က တိတ်ဆိတ်နေတယ်။
ကျွန်တော့် အသိစိတ်က ရီဝေဝေဖြစ်နေသေးသလိုပဲ။ ဒါပေမယ့် တသိမ့်သိမ့် ကြည်နူးနေမိလို့လား မသိဘူး မူးနေတာတွေ ပျောက်သွားတယ်လို့ ခံစားနေရတယ်။
ချမ်းက ကျွန်တော့်လက်ကို ကိုင်ကြည့်ပြီး လက်က ဒဏ်ရာတွေကို သေချာ စူးစမ်းကြည့်နေတယ်။ မဖီးမသင်ထားတဲ့ ဆံပင်ခွေကောက်ကောက်လေးတွေရယ် ၊ နှဖူးပြင်ကျဉ်းကျဉ်းလေးရယ် ၊ ပြီးတော့ ကျွန်တော့်ဒဏ်ရာတွေကို စိုးရိမ်စိတ်နဲ့ အာရုံစူးစိုက်ကြည့်နေတဲ့ မျက်လုံးဝိုင်းကြီးတွေ။ ဝတ်ထားတဲ့ ဂျူတီကုဒ်အဖြူရောင်မှာလည်း ကျွန်တော့်လက်က သွေးတွေ စွန်းပေနေတယ်။ ဘာမှမထူးခြားတဲ့ ဒီပုံရိပ်လေးက ကျွန်တော့်ရင်ခုန်သံတွေကို ဇောက်ထိုးမိုးမျှော်ဖြစ်စေတယ်။
ကျွန်တော် ချမ်းကို အရမ်းလွမ်းနေခဲ့တာပဲ။
ချမ်းနဲ့ ဒီလောက်ထိ နီးနီးကပ်ကပ်မနေခဲ့တာ ကြာနေပြီဆိုတော့ ကျွန်တော့်ရင်ခုန်သံတွေက ထိန်းချုပ်လို့မရတော့ပဲ ဝုန်းဒိုင်းကြဲခုန်ပေါက်နေတယ်။ ရင်ခုန်ရတဲ့ လူပျိုဖြန်းအရွယ်လည်း မဟုတ်တော့ပါပဲနဲ့။ အရင်ကလည်း ချမ်းနဲ့ ဒီထက်မက ရင်းနှီးခဲ့ဖူးတာတောင် ဒီလို အခြေအနေလေးနဲ့ ရင်ခုန်နေမိတယ်။
"အရက်ပျံနဲ့ဆိုတော့ စပ်မယ်နော်..."
ပြောလည်း ပြော လက်မောင်းက အနာကို ဂွမ်းစနဲ့ သုတ်ပေးလိုက်တော့ ဖျင်းခနဲ စပ်သွားတယ်။
တော်တော်စပ်ပေမယ့် အသံထွက်အောင်တော့ မညည်းလိုက်မိဘူး။ ဒါပေမယ့် ကျွန်တော့်မျက်နှာ ရှုံ့မဲ့ပြီး နီရဲသွားမယ်ထင်တယ်။
YOU ARE READING
ဒုတိယလူ ( 2nd Person )
Romanceတစ်ချို့သော ငြိတွယ်မှုတွေက စောစောစီးစီးသိရတယ် တစ်ချို့ ခံစားချက်တွေက နောက်ကျမှသိရတယ် တစ်ချို့ အချစ်တွေကိုတော့ အချိန်လွန်မှသိရတယ် 2nd person Cover by - Moh Moh Started - 10.5.2020 Completed - 9.9.2020