Unicode
အပိုင်း - ၁၀ ။ တူညီတဲ့အတိတ်။
သီချင်းသံသာနှင့်အတူ လွမ်းဆွေးဖွယ်အသံကို သူမ ကြည့်နေခဲ့၏။ အရိပ်ရုပ်သေးဟူသည် အရုပ်အတွင်းဇက်အထိ တုတ်ချောင်းတစ်ချောင်းသွင်းထားကာ ခြေလက်တို့တွင် နန်းကြိုးငယ်၊ တုတ်ချောင်းငယ်တို့တပ်ဆင်ကာ အရိပ်ကို လှုပ်ရှားကပြသည့် ရုပ်သေးအမျိုးအစားဟု သူမ သတိထားမိသွားသည်။ အရိပ်ရုပ်သေးကို အလုပ်ကိစ္စဖြင့် တရုတ်သို့သွားရတုန်းက သူမ မြင်ဖူးလိုက်သည်ပဲ။ သူမ မမှတ်မိခဲ့တာ။
ပုံရိပ်တွင် ထင်နေသည့် အရိပ်များကို ရွှေကသစ်ကြည့်နေခဲ့သည်။ ထိုဇာတ်လမ်းသည် ကိန္နရီမင်းသမီးနှင့် မင်းသားတစ်ပါး၏ ချစ်ဇာတ်လမ်းဖြစ်သည်။ သူမ၏ မျက်လုံးများသည် ထိုဇာတ်လမ်းတွင်သာ ရှိနေခဲ့၏။
ဒွေးမယ်နော်...
ထိုဇာတ်လမ်းသည် သူမ သိသည့်ဇာတ်လမ်းတစ်ခုဖြစ်သည်။
"ကိန္နရီတွေက တကယ်ရှိလား"
ဇော်ဂျီတောင် ရှိနေမှတော့ ကိန္နရီဆိုတာလဲ ရှိနိုင်မှာပေါ့။ ရွှေကသစ်သည် သူမ အတွေးကို သူမ အတည်ပြုနေခဲ့သည်။
သူမ၏ မျှော်လင့်တကြီးမျက်လုံးများကို ကြည့်ပြီး ဇော်ဂျီသည် ခပ်ပါးပါးပြုံး၏။
"အသင်က မြင်တွေ့ချင်လို့လား"
ရွှေကသစ်သည် အနည်းငယ်စဉ်းစားသွားခဲ့၏။ သူမ၏ မျက်လုံးများသည် ငိုရှိုက်နေသည့် ရုပ်သေးရုပ်အရိပ်ထံသို့ ပြန်ရောက်သွားတော့သည်။ တိုင်းတပါးမှ လိုက်လာရပြီးခင်ပွန်းသည်၏ ဘက်မှသူမကို မကြည်ဖြူကြောင်း အထင်လွဲချိန်တွင် ပူဆွေးနေသည့် ကိန္နရီမင်းသမီးငယ်သည် သနားဖွယ်ကောင်းလှသည်။
"သူတို့ရဲ့ ဇာတ်လမ်းက တကယ်ပဲလား"
ထွက်ခွာသွားသည့် မင်းသမီးငယ်နောက်သို့ ပြန်လိုက်သည့် မင်းသားကိုကြည့်ကာ သူမ လှည့်မေးပြန်၏။
"လောကက ကျယ်ပြောတယ် အတို့မသိနိုင်တာတွေ အများကြီးရှိပါတယ်"
ဇော်ဂျီ၏ အဖြေက စိတ်ကျေနပ်စရာတော့မရှိ။ သို့သော်လဲ သူမသည် ငြိမ်ငြိမ်လေးသာ နေနေလိုက်တော့သည်။
