Extra - 1

2.4K 202 55
                                    

Unicode

အချပ်ပို - တစ်။

"ဘာလို့ မမကို မတားရတာလဲ!!!"

သူမကို ထုရိုက်ပြီး ငိုယိုနေသည့်မိန်းမငယ်လေးအတွက် ဂျူးဟေသာတွင် ပြောစရာစကားမရှိခဲ့။ ဘာကြောင့် မတားခဲ့တာလဲ။ ရွှေကသစ်ထွက်သွားသည်ကို သူမ မြင်လိုက်သည်။ မြင်လျက်နှင့် ဘာကြောင့်မတားခဲ့တာလဲ။ အဖြေတစ်ခုရယ် သူမတွင် ရှိမနေခဲ့။

"မိန်းမရယ် အစ်မဂျူးအပြစ်လဲ မဟုတ်ပါဘူး"

"ဒါဆို ကျွန်မ အစ်မအပြစ်လား!"

နှစ်သိမ့်သည့် ခင်ပွန်းသည်ကို လှည့်မဲချိန်တွင် ခင်ပွန်းသည်သည် မိန်းကလေးကိုသာ ထွေးဖက်ရင်း နှစ်သိမ့်နေခဲ့သည်။ ယခုအချိန်တွင် တစ်ယောက်တည်းရှိသည့် မိသားစုဝင်၏ ပျောက်ဆုံးမှုကို ဒီမိန်းကလေးဟာ ဘယ်လိုများလက်ခံနိုင်လိမ့်ပါ့မလဲ။

"မယုံဘူး! ဒါတွေက ဘယ်လိုမှ မဖြစ်နိုင်တာတွေ... မမက ပျောက်နေတာပဲ ဖြစ်မယ် အနည်းဆုံး... အနည်းဆုံး... သူ သေတာဆိုရင်တောင် ကျွန်မကို မမရဲ့အလောင်းကိုတွေ့အောင် ရှာပေး!"

မိန်းကလေးသည် ဒေါသအပြည့်ဖြင့် ရန်စကားကိုသာ ဆိုနေခဲ့သည်။

"သူက ပြန်လာတော့မှာမဟုတ်ဘူး"

"ဒါဆိုလဲ အနည်းဆုံးတော့ ရုပ်အလောင်းကို ရှာပေး!"

ဂျူးဟေသာသည် ထပ်၍မပြောနိုင်တော့။ အပြစ်မကင်းသလိုလဲ သူမ ခံစားနေရသည်။ ထိုညီအစ်မနှစ်ယောက်တွင် တစ်ယောက်ကိုတစ်ယောက်သာ ရှိသည်ကို သူမ သိသိနှင့် လွှတ်ပေးခဲ့လိုက်သည်။

"သူ ချစ်တဲ့သူဆီကို လိုက်သွားတာက ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား"

"သူ ချစ်တဲ့သူဆီရောက်သွားတယ်လို့ သက်သေရှိလို့လား!"

ဒေါသထွက်နေသူနှင့် စကားသည် ဘယ်သောအခါမှ ကောင်းကောင်းပြော၍ရလိမ့်မည်မဟုတ်။ ပူဆွေးဒေါသများနှင့် ဘာပြောပြောနားမဝင်နိုင်သည့် ဇနီးသည်ကို ခင်ပွန်းဖြစ်သူသည် မနည်းပြောဆိုကာ ခေါ်သွားရရှာသည်။ မိန်းမငယ်ရဲ့ခင်ပွန်းဖြစ်သူ၏ တောင်းပန်အကြည့်များကို ဂျူးဟေသာသည် နားလည်ကြောင်းသာ ခေါင်းညိတ်ပြလိုက်၏။

Folded Chapters [BxG] (Own Creation)Where stories live. Discover now