13

972 157 2
                                    

Unicode

အပိုင်း - ၁၃ : သူယောင်တော(၁)။

ရွှေကသစ်၏ ပြီးခဲ့သော တောင်းဆိုမှုသည် ခွင့်ပြုခြင်းမခံခဲ့ရ။ ဇော်ဂျီသည် သူမကို အတင်းအကြပ် ခရီးနှင်စေခဲ့သည်။ ရွှေကသစ်သည် စိတ်ကျေနပ်ခြင်းမရှိ။ သို့သော် ဇော်ဂျီပြောသည်က မှန်သည်။ အကယ်၍ အပြစ်ပေးခံရသည့် မိဖုရားထံသို့ သွားလျှင်လဲ သူမက ဘာလုပ်ပေးနိုင်မှာလဲ။ တောထဲကို ခေါ်လာပေးရမှာလား။ ပြီးတော့ရော...။ သူမက နွေယဉ်မင်းမှ မဟုတ်တာ။ သူမ ထွက်သွားတဲ့အချိန်မှာ ဒီမိဖုရားက ဘာဆက်လုပ်မှာလဲ။

ဒါပေမဲ့...

ထွက်သွားရမယ်ဆိုလဲရတယ်။

ဝင်မပါနဲ့ဆိုလဲ ရတယ်။

ဒါပေမဲ့အနည်းဆုံးတော့ အကြောင်းရင်းခိုင်ခိုင်မာမာတော့ ပေးသင့်တာပေါ့ မဟုတ်ဘူးလား။ ဇော်ဂျီက ဘာစကားတစ်ခွန်းမှမပြောဘဲ သူမကို အတင်းအကြပ် ပြန်စေချင်နေတယ်။ ဒါက စိတ်တိုချင်စရာကောင်းလွန်းတယ်။

သို့သော်လဲ ငြင်းဆန်ခြင်းမပြုနိုင်သည်မို့ ဇော်ဂျီပြောသည့် နဂါးပတ်ကျော့ကွင်းဟူသည့် အရာကိုရှာရန်အတွက် သူတို့သည် လက်ရှိပိုင်နက်မှ အခြားတစ်ခုဆီသို့ ခရီးနှင်ကြရသည်။

နဂါးပတ်ကျော့ကွင်းဟူသည့် အရာသည် နေရာအတိအကျရှိပုံမရ။ ဇော်ဂျီ၏ အလုပ်ရှုပ်ခံပြီး ခရီးနှင်နေခြင်းကို ကြည့်လျှင် အသိသာပင်ဖြစ်သည်။

"နဂါးပတ်ကျော့ကွင်းဆိုတာ ဘာလဲ"

တရုတ်သိုင်းကားထဲကလိုမျိုးတွေလား? ရွှေကသစ်ရင်းနှီးသည်ကလဲ တရုတ်သိုင်းကားနှင့် ကိုးရီးယားကားများသာ ဖြစ်သည်။ ဇော်ဂျီသည် အရှေ့မှ လျှောက်နေရင်းဖြင့် သူမရှိနေသည့် အနောက်သို့ လှည့်ကြည့်၏။

"မြွေထုံကူးတယ်လို့ ခေါ်တယ်"

ယနေ့တွင် ဇော်ဂျီသည် အနည်းငယ် စိတ်ကြည်သာနေပုံရသည်။ သူမ မေးသမျှကို ယခင်ရက်များတွင် လစ်လျူရှုခဲ့သော်လဲ ယနေ့တွင်တော့ ဖြေဖော်ရသည်။

"မြွေထုံကူးတယ်ဆိုတာ မြွေတစ်ကောင်က ကိုယ့်အမြီးကိုယ် ပြန်မြိုတာလဲ ဖြစ်နိုင်သလို မြွေနှစ်ကောင်က တစ်ကောင်အမြီးကိုတစ်ကောင် ပြန်မြိုတာလဲ ရှိတတ်တယ် နှစ်မျိုးလုံးကို မြွေထုံကူးတယ်လို့ခေါ်တယ်... မြွေထုံကူးတာ ပြီးမြောက်တဲ့အချိန်မှာရတဲ့ မြွေကွင်းကို နဂါးပတ်ကျော့ကွင်းလို့ ခေါ်တယ်... နဂါးပတ်ကျော့ကွင်းက ပယောဂကုတဲ့နေရာမှာ‌ရော ချည်နှောင်တဲ့နေရာမှာပါ သုံးလို့ရတယ်... ချည်နှောင်မှုကို ဖြည်တာကိုတော့ နတ်နဂါးတွေပဲ နည်းလမ်းသိတာပေါ့"

Folded Chapters [BxG] (Own Creation)Where stories live. Discover now