Unicode
အပိုင်း - ၁၂ : ချည်ထုံးကိုဖြည်။
"ကျွန်မ နွေယဉ်မင်းအကြောင်းကို ပိုသိချင်တယ်"
သူ့စိတ်ထဲရှိ အစိုင်အခဲများကို မဖြည်နိုင်သေးခင်တွင် ထိုမိန်းကလေးသည် ဤသို့ပြောလာခဲ့၏။ ညဉ့်အချိန် လရောင်အောက်ရှိ မိန်းကလေး၏ မျက်လုံးများတွင် ဆုံးဖြတ်ချက်ခိုင်မာနေခြင်းတို့ ရှိနေခဲ့သည်။
ဆံထုံးတို့ဖြည်ချထားကာ အဆင်တန်ဆာများကို ကပိုကယိုသာ ဝတ်ထားသည့် သူမ၏ မျက်နှာသည် နုနယ်သည့် ကလေးဆန်ခြင်းတို့ဖြင့် ပြည့်နေသေးသော်လဲ ထိုခန္ဓာကိုယ်ထဲရှိ ဝိညာဉ်မှာတော့ ရင့်ကျက်ပြီးသား လူတစ်ယောက်ဖြစ်သည်။
မိန်းကလေးသည် သစ်သားစည်ပိုင်းထဲတွင် ထိုင်ကာ စိမ်းဖန့်ဖန့်အရည်ဖြင့် ခန္ဓာကိုယ်ကို စိမ်နေခဲ့သည်။ ညအချိန်သည် သူမ၏ ခန္ဓာကိုယ်ကို လူသားတစ်ယောက်ကဲ့သို့ ပျော့ပြောင်းမှုရှိအောင် ဆေးစိမ်ရသည့်အချိန်။ တစ်မနက်လုံး လူတစ်ယောက်လို လှုပ်ရှားသွားလာနိုင်ရန်အတွက် ရွှေကသစ်သည် ညအချိန်တွင် အချိန် ၈ နာရီ ဆေးရည်စိမ်ရပေသည်။
ဇော်ဂျီသည် မော့ကြည့်ကာ ပြောလာသည့် မိန်းကလေး၏ မျက်နှာကို သေချာစိုက်ကြည့်၏။ လူတစ်ယောက်နှင့်မခြား ရှိနေသည့် ထိုမိန်းကလေးသည် ဖုတ်ကောင်တစ်ကောင်သာ ဖြစ်သည်။
"ဘာကြောင့်လဲ"
ထိုမိန်းကလေးကို 'အသင်ဘာတွေပြောနေလဲ အသင်သိလား'ဟူသည့် မေးခွန်းမျိုး သူ မေးစရာမလို။ ထိုမိန်းကလေးသည် သူ ဘာလုပ်သည်ကို သူ ကောင်းကောင်းသိသည့် လူတစ်ယောက်ဖြစ်မှန်း သူသိသည်။
"အင်း ဒီနေ့မနက်ခင်းမှာ ကျွန်မအမဲလိုက်နေရင်း ရဲမက်တချို့ပြောတာကြားလိုက်တယ်"
အကြောင်းစုံကို သူမပြောလိုက်ချိန်တွင် ဇော်ဂျီသည် မျက်ခုံးပင့်၏။
"နွေယဉ်မင်း အရှင်မလေးက ထွက်သွားပြီးသားသူ မဟုတ်ပေလော အသင်..."
"သူက ထွက်သွားပြီးသားဆိုပေမဲ့ မုဒြာမိဖုရားက အပြစ်ပေးခံရတာ ကျွန်မကြောင့်မဟုတ်ဘူးလား"
![](https://img.wattpad.com/cover/243313590-288-k873258.jpg)