Unicode
အပိုင်း - ၁၇ : ခွဲခွာချိန်။
နဂါးပတ်ကျော့ကွင်းဟူသည် မြွေကွင်းတစ်ခုဖြစ်၏။ မြွေတစ်ကောင်နှင့်တစ်ကောင် မြိုနေခြင်းလဲ ဖြစ်နိုင်သလို မြွေတစ်ကောင်ထဲကလဲ ကိုယ့်အမြီးကိုယ်မြိုနေခြင်းလဲဖြစ်နိုင်သည်။ မြွေဖိုဝင်သည်ဟုလဲ ခေါ်သေး၏။ ထိုအချိန်တွင် မြွေသည် အဆိပ်အပြင်းဆုံးဖြစ်ပြီး သွားနှောင့်ယှက်ခြင်း မပြုရပေ။
"နဂါးပတ်ကျော့ကွင်းဖြစ်နေတဲ့အချိန်မှာ သဘာဝက ဖောက်ပြန်တယ်"
ဇော်ဂျီပြောသည့်စကားများကို ရွှေကသစ်မှတ်မိနေသေးဆဲဖြစ်သည်။
"ငါတို့တွေ ဖိုဝင်တာကို ပြီးအောင် စောင့်ရလိမ့်မယ်"
မြွေကိုအနှောင့်အယှက်မဖြစ်စေလောက်မည့် နေရာတွင် သူတို့စခန်းချလိုက်ကြ၏။
"မြွေဖိုဝင်တာ ပြီးမြောက်ချိန်မှာ သူက ကောင်းကင်ကို တက်သွားလိမ့်မယ် အချိန်ပြတ်ရွေ့ကြောင်းက ပေါ်လာလိမ့်မယ် အသင့်ရဲ့ဝိညာဉ်က အချိန်ကိုက် ထွက်သွားရုံပဲ"
"ဒါက..."
ဘယ်လိုအချိန်ကိုက်ထွက်ရမှာလဲ။ သူမမှ အဝင်အထွက်မလုပ်တတ်တာကို။
ဇော်ဂျီသည် သူမကို စိုက်ကြည့်လေ၏။
"အသင်က ငါက ဘယ်အတတ်ကို တတ်မြောက်တဲ့ဇော်ဂျီဆိုတာကို မေ့နေတာလား"
"အာ..."
ရွှေကသစ်သည် ခေါင်းကိုညိတ်၏။ သေသူကို အသက်ပြန်သွင်းနိုင်သည့် လူတစ်ယောက်က သူမ ခန္ဓာကိုယ်ထဲကနေ ဝိညာဉ်ကို ထုတ်နိုင်မှာပေါ့။
ဇော်ဂျီသည် ငြိမ်ချက်သားကောင်းနေသည့် ကျားမကို လှမ်းကြည့်သည်။
"အသင် ငါ့အတွက် လိုအပ်တာနည်းနည်းလောက် ရှာပေးနိုင်မလား"
ကျားမသည် သခင်ဖြစ်သူကို ကြည့်၏။ သခင်က ဒီမိန်းကလေးနဲ့နှစ်ယောက်တည်း ရှိချင်ပြန်ပြီလား။ သူမ၏ စိတ်သည် တဆစ်ဆစ်နာနေခဲ့သည်။
"သူ့ဝိညာဉ်ကို ခန္ဓာကိုယ်က ထွက်သွားစေဖို့အတွက် ငါဆေးမြစ်နည်းနည်းလိုတယ် ပြီးတော့ ဒါကဒီလပြည့်နေ့မှာပဲ သိဒ္ဓိဝင်တာ"