Unicode
အပိုင်း - ၁၅ : သူယောင်တော (၃)။
"နှမတော်! နှမတော်!"
အသံတစ်ခုကြောင့် သူမ၏ မျက်တောင်များသည် တဖြတ်ဖြတ်ခတ်လာ၏။
"နှမတော် အသင်နိုးပြီလား ငါ့ကို လန့်အောင် မလုပ်ပါနဲ့"
"ဇော်ဂျီ?"
မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရသည့် အမျိုးသားကို သူမ ခပ်တိုးတိုးခေါ်သည်။ ထိုအမျိုးသားသည် သူမ၏ ရေရွတ်သံကို ကြားပုံမရ။ သူမကိုသာ စိုးရိမ်တကြီးကြည့်နေခဲ့၏။
"ဘာကြောင့် အသင်ဟာ တောအုပ်ထဲ သွားရလေသလဲ အတို့မှာ စိတ်ပူလိုက်ရတာ"
"အစ်ကိုတော်အတွက် တစ်ခုခုလက်ဆောင်ပေးချင်လို့"
မိန်းကလေး၏ အသံသည် နှပျိုကာ နားဝင်ပီယံရှိလှပေ၏။ ရွှေကသစ်သည် အံ့ဩစွာဖြင့် သူမကိုယ်သူမ ပြန်ကြည့်သည်။ သူမက ထိုမိန်းကလေး မြင်နေရသည့် အရာများကို မြင်နေရသည်ပဲ။
ဇော်ဂျီသည် သူမနှင့်ရှိနေသည့် အချိန်အခါက ဇော်ဂျီပုံမျိုးမဟုတ်ခဲ့။ ခန့်ငြားသည့် ယောကျာ်းတစ်ယောက် အသွင်ဖြစ်သည်။ အဆင်တန်ဆာများကို ကြည့်ခြင်းဖြင့် ရွှေကသစ်သည် ခပ်တိုးတိုးရေရွတ်ဖြစ်သည်။
"မင်းညီမင်းသား?"
"မှန်တယ်... ဒါကဇော်ဂျီရဲ့ အရင်တုန်းကအကြောင်းပဲ"
အသံလာရာဆီသို့ သူမကြည့်လေ၏။ အစိမ်းရောင်ဝတ်ဖြင့် လှပသည့် အမျိုးသမီးသည် သူမကို ပြုံး၍ကြည့်နေခဲ့သည်။
"ဘာကြောင့်များ အသင်တို့က ဒီသူရဲဘောကြောင်တဲ့ ယောကျာ်းတစ်ယောက်ကို ချစ်ကျွမ်းဝင်နေရတာလဲ အတို့စိတ်ဝင်စားလှပါဘိ"
"ဘယ်သူက သူ့ကို ချစ်နေလို့လဲ"
"အသင့်ရဲ့ စိတ်ကူးယဉ်ဘဝကိုတောင် စွန့်လွှတ်နိုင်တဲ့အထိ ဒီအမျိုးသားက အသင့်စိတ်ကို စိုးမိုးထားတာလေ"
ရွှေကသစ်သည် ထိုအမျိုးသမီးကိုတစ်ခုခုပြောချင်သော်လဲ နှုတ်ဆိတ်နေလိုက်သည်။ အစိမ်းရောင်အမျိုးသမီးပြောသည့် စကားသည် အထိုက်အလျောက်တော့ မှန်ကန်နေခဲ့သည်။ ဒါပေမဲ့လဲ...