ညနေခင်းချိန်တွင်ဖြစ်၏။
အနောက်ဘက်ပင်လယ်၏ ရင်ခွင်တွင် မှေးစက်ခါနီး နေမင်းကြီးမှ ပုဇွန်ဆီရောင်ခြည်တို့က ပိုင်းလို့စ့်ပြည်သူဆေးရုံ၏ သစ်ပင်များ အုံဆိုင်းနေသော ကျောက်လမ်းတစ်လျှောက်တွင် ဖြာကျနေ၏။ ညနေစောင်းချိန်ဖြစ်သည်ကတစ်ကြောင်း၊ ဆောင်းဦးရာသီဝင်စဖြစ်သည်တစ်ကြောင်းကြောင့် လေအေးတို့က တစ်ချက်တစ်ချက် တိုက်ခတ်သွားလေသည်။ တိုက်ခတ်သွားသော လေအေးအေးလေးများတွင် ပင်လယ်အငွေ့အသက်တို့ပါဝင်နေ၏။
ကျောက်လမ်းတစ်နေရာတွင် standကို အမှီပြု၍ လျှောက်နေသော ကောင်မလေးတစ်ယောက်နှင့် ဆူပုပ်နေသောကောင်မလေးတစ်ယောက်တို့ ဘေးချင်းယှဥ်လျှောက်နေလေသည်။ ပုဇွန်ဆီရောင်နေရောင်ခြည်အောက်တွင် ချစ်စရာကောင်းသော ကောင်မလေးနှစ်ယောက် အတူယှဥ်တွဲလိုက်သည်တွင် တုနှိုင်းမမှီသော ပန်းချီကားချပ်တစ်ချပ်ကို ဖော်ကျူးသွား၏။
တိတ်ဆိတ်နေမှုကို အသံတစ်သံက ဖြိုခွင်းလိုက်သည်။
"ကလေး...."
လက်ပိုက်ပြီးဆူပုပ်နေသော ကလေးမကား နှိုင်းကို လှည့်၍ပင် မကြည့်။ သူတို့နှစ်ယောက် လမ်းလျှောက်နေသည်မှာ ကြာပြီဖြစ်သည်။ ကလေးစကားမပြောသည်မှာလဲ ကြာလေပြီ။
"ကလေး...ဘာတွေစိတ်ကောက်နေတာလဲ"
ကလေးမက နှိုင်းကို တစ်ချက်ကြည့်ကာ မျက်စောင်းထိုး၏။ လျှောက်နေသော ခြေလှမ်းတို့ကို ရပ်ပြီး
"အဲ့ဒီ့ဆရာဝန်မက ဘယ်သူလဲ"
"ဟင်"
စိတ်ကောက်နေရသော အကြောင်းရင်းကား မေမရာမောင်ကြောင့်ဖြစ်သည်ကိုး။ ဒါကြောင့် မရာ နှိုင်းကို ဆေးလာစစ်ပေးတုန်းက ဆူပုပ်ပြီး နဂါးမျက်စောင်းတွေထိုးနေတာပါလား။
နီစွေးသောနှုတ်ခမ်းလေးကို ဆူထားပြီး လေးကိုင်းလေးသဖွယ်လှပသော မျက်ခုံးတစ်စုံကို အလိုမကျစွာတွန့်ချိုးထားသော ကလေးငယ်သည် နှိုင်းနှလုံးသားကို တားဆီးမရစွာ ခုန်စေခြင်းငှာ စွမ်းဆောင်နိုင်၏။