1.

835 111 3
                                    

မနက် အိပ်ရာနိုးနိုးချင်း
နံရံထက်က ပြက္ခဒိန်ကို
လှမ်းကြည့်လိုက်တယ်..။

ဒါဟာ သူ့ရဲ့တစ်နေ့တာမှာ
ကျင့်သားရနေပြီးသား
ပထမဦးဆုံး အလုပ်လည်းဖြစ်တယ်..။

အပျင်းကြောဆန့်ပြီးတယ့်နောက်
ခေါင်းရင်းဘက် ပြတင်းပေါက်ကို
ဖွင့်လိုက်တယ်..။

"နေရောင်စူးတယ်လို့ အကိုရ..
ပြန်ပိတ်.."

ဖွင့်လက်စ ပြတင်းပေါက်ထက်က
လက်ကို ပြန်မရုတ်မိပေမယ့်လို့
လည်ပြန် လှည့်ကြည့်မိတဲ့
သူ့အဖြစ်သူ တွေးရင်း
ပြုံးမိတယ်..။

"အဲ့လို ခနခန မပြုံးနဲ့..
ကျနော် heart attackဖြစ်သွားရင် အကို တာဝန်ယူရမယ် .."

သစ်သားကုတင် ကျဉ်းကျဉ်းလေးမှာ
ခေါင်းအုံးတစ်လုံးရယ်
ပြီးတော့
စောင်တစ်ထည်..။

"ခေါင်းအုံးကတော့ နှစ်လုံးမှပေါ့ဗျ..
စောင်ကတော့ နှစ်ထည်မလိုဘူးလေ.."

ခပ်ဩဩအသံဟာ
သာယာနာပျော်ဖွယ်ရာတော့
မဟုတ်ပေမယ့်
သူကတော့
အချိန်တော်တော်များများ ....
မဟုတ်ဘူး အချိန်တိုင်းလိုလိုမှာ
ခုလိုပဲ ကြားနေမိတတ်တယ် ..။

"ကြောင်တို့အိမ်..
နွားနို့ရပြီနော်.."

နွားနို့လာပို့နေကျ အန်တီကြီးက
ခြံရှေ့ကနေ လှမ်းအော်သွားတယ်..။

လှေကားထိပ်ကနေ
ခပ်ဖွဖွဆင်းလာတဲ့ သူ့ခြေသံကိုကျော်လို့တဒုန်းဒုန်းဆင်းလာတဲ့ခြေသံက
ရှေ့အရင်ရောက်ပါတယ်..။

"ကြောင်တို့အိမ် မဟုတ်ဘူး
လူတို့အိမ်..လူတွေနေတာဗျ.."

သူ ခေါင်းကို ခပ်ဖြည်းဖြည်း
ခါလိုက်ရင်းခြံရှေ့ထွက်ခဲ့တယ်..။

အုတ်တံတိုင်းထက်က
အိပ်ငိုက်နေတယ့်ကြောင်ဟာ
အပျင်းကြောဆွဲရင်း
သူ့ ပေါ်တည့်တည့် ခုန်ချလာတယ်..။

ဒီနှစ်ပိုင်းမှာ ကြောင်ဟာ
သူ့ကို အနှောင့်အယှက်ပေးမယ့်သူ
မရှိလို့ထင် ..
အတော်လေး ဝ လာပါတယ်..။
ပွေ့ထားရတာကိုက
တနင့်တပိုးနိုင်လွန်းတယ် ..။
ပြီးတော့ ပြိုင်လုစရာမလိုတော့တယ့်
သူ့ရင်ခွင်ထဲ ခေါင်းကြီးတိုးလို့
စိတ်အေးလက်အေး ဆက်နှပ်ပါတယ်..။

"ကြောင်ရာ...မင်း..."

ခြံတံခါးထိပ်
ချိတ်ထားတယ့်အိတ်ကနေ
နို့ပုလင်းကို ထုတ်ယူလိုက်တော့
ပုလင်းရဲ့အလေးချိန်ကြောင့်
တံခါးရွက် တစ်ခြမ်းက
မြေကြီးနဲ့ မိတ်ဆက်နေလိုက်တာ
ပြန်ကို ကြွမလာတော့..။

"ကျနော်ပြောပါတယ်
ဒီတံခါးကြီးက ဆွေးနေပြီလို့
အသစ်လဲရအောင်ပါဆို..."

မနက်ဖြန် အန်တီကြီး
နွားနို့လာပို့တယ့်အခါ
ခြံတံခါးထောင့်မှာပဲ ထောင်ထားခဲ့ဖို့
သေချာပေါက် ပြောမှဖြစ်မယ်လို့
သူတွေးလိုက်တယ်..။

ကြောင်ကို စားပွဲပေါ်မှာချပြီးတယ့်နောက်
ရေဒီယိုကို ဖွင့်လိုက်တယ်..။
အရင်က သုံးပုံ တစ်ပုံခွဲရတယ့်နွားနို့က
ခုခါမှာတော့ တစ်ဝက်စီဖြစ်တယ်..။

ရေဒီယိုက လိုင်းမမိလိုက် မိလိုက်မို့
ထွက်လာတယ့်အသံက
တဂျီဂျီ ဖြစ်တယ်..။

ကြောင် မှိန်းနေရာက လန့်သွားပုံရ..
နို့ခွက်ချပေးတယ့်သူ့ကို
ကြည့်လိုက်တယ့်အကြည့်က
မကြည်ကြည့် ဖြစ်တယ်..။

သူ ခပ်တိုးတိုးရွတ်တယ်..။

"မင်းတို့နှစ်ယောက်က အတော်တူ..."

"တူစရာလား...သူကကြောင်
ကျနော်က လူ.."

စာရေးခုံမှာထိုင်ပြီးတယ့်နောက်
စားပွဲရဲ့ဒုတိယမြောက် အံဆွဲကို
ဆွဲဖွင့်လိုက်တော့
သူ artဆွဲထားတဲ့
Mini postcardလေးတွေ
အထပ်လိုက်ထွက်လာပါတယ်..။

ကိုယ့်စိတ်ကိုယ် သိနိုင်စွမ်းမှာ
သူဟာ တကယ်ကို တော်ပုံရပါတယ်..။

ပြီးခဲ့တဲ့ရက်ကမှ
ဆွဲထားတဲ့ နောက်ဆုံးpostcardက
သစ်သားဘောင်တွေ ကွပ်ထားတဲ့
ပြတင်းပေါက်ပုံ ဖြစ်တယ်..။

နေရောင်အနည်းငယ်ထိုးကျနေပြီး
ပြတင်းပေါက်အပြင်ဘက်မှာ
နှင်းဆီပင်တစ်ချို့ရှိတယ်..။

ရုတ်တရက် postcardပေါ်ကို
လက်ချောင်းရှည်တစ်ချောင်း
ရောက်လို့လာတယ်..။
လက်ချောင်းထိပ်က သွယ်မနေပဲ
တိတိပပ ရှိပြီး လက်သည်းကကျ
ခုံးမနေပဲ ခပ်ပြားပြားပုံစံ ဖြစ်တယ်...။

"ဒါ ကျနော်တို့ အိပ်ခန်းက
ပြတင်းပေါက်မလား...."

သူ ပြုံးရင်းက Postcardနောက်ကျောကို
လှန်လိုက်တယ်..။

ပြီးတော့
သုံးနေကျ ခဲတံကိုယူပြီး
စာ စရေးတယ်..။

ဒီနေ့ နေသာတယ်..
ပြီးတော့
မင်းကို လွမ်းတယ်..။

Last LeafWhere stories live. Discover now