ဒီနေ့အဖို့ ပျင်းတာနဲ့
လမ်းထိပ် ကုန်စုံဆိုင်ဘက်ထွက်ခဲ့တယ်..။
ဆိုင်ရှေ့ ကွပ်ပျစ်မယ်
ကြယ်လေးတစ်ယောက်
တုတ်ထိုးချိုချဉ် ခိုးစားနေပါတယ်..။သူ့ကိုမြင်တော့
လက်ချောင်းတုတ်တုတ်လေးကို
နှုတ်ခမ်းပေါ်တေ့လို့
နှုတ်ပိတ်ပါတယ်..။သူ လည်း နှုတ်ခမ်းပေါ်ကို လက်ချောင်းတင်ပြီး သဘောတူလိုက်တယ်..။
"ခေါက်ဆွဲထုတ်တွေပဲ ပြုတ်စားမနေနဲ့..
ငါ တိုင်မှာ..."ပြန်အမ်းငွေ လှမ်းပေးရင်း
အစ်မလင်းက ဆူပြန်တယ်..။"အစ်မ တုတ်ထိုးချိုချဉ်တွေ
ရောင်းရရဲ့လား..
ဒိုင်ခံအားပေးမယ့်သူ မရှိ...."ပြောလက်စ ရပ်သွားတယ့်
သူ့ကို ကြည့်လို့ အစ်မလင်းက
သက်ပြင်းကိုချတယ်..။"ရိပေါ်...."
သူ စကားကို
အမြန်ဖြတ်ပြောလိုက်တယ်..။"ကြယ်လေး စားတာနဲ့ ကုန်မှာပါပဲ.."
အစ်မလင်းတစ်ယောက်
ခဏတွေသွားပြီးမှ
နှုတ်ခမ်းကို မဲ့လို့ ဆိုင်ရှေ့ကို
မျက်စောင်းလှမ်းထိုးရင်းပြောတယ်..။
"ဒင်းလေးသွားတွေ အကုန်ကြွေကျမှ
မှတ်မှာ.." တဲ့ခေါက်ဆွဲထုတ်အိတ်ကို
ကွပ်ပျစ်ပေါ်အသာချလို့
ကြယ်လေးဘေး ဝင်ထိုင်လိုက်တယ်..။ချိုချဉ်ငုံထားလို့ ဖောင်းတက်နေတယ့်
ပါးမို့လေးတွေရယ်..
မျက်ရစ်မရှိတယ့်
မျက်ဝန်းကျဉ်းတွေရယ်..တော်သေးတာပေါ့..
သူတို့ ဒီကိုပြောင်းလာတော့
ကြယ်လေးက
အစ်မလင်း ဗိုက်ထဲ
ရောက်နှင့် နေပြီးဖြစ်တယ်..။မဟုတ်ရင်...
"အစ်မလင်းဆိုင်မှာ တုတ်ထိုးချိုချဉ်
ဝယ်စားတာကလွဲရင် ကျနော် ဘာမှ မလုပ်မိပါဘူးနော်.."သူ တမင်တကာ စနောက်တိုင်း
အကြောက်အကန်ငြင်းတတ်တယ့် နှုတ်ခမ်းလုံးလုံးတွေက
အချိုဓာတ် သိပ်ကဲပါတယ်..။
စားလက်စ ချိုချဉ်ပေါ်မူတည်ပြီးတော့
အရသာလည်း ကွဲပြန်တယ်..။
စတော်ဘယ်ရီနံ့သင်းတယ့်အခါ ရှိသလို
တစ်ခါတစ်ခါကျ.."ပါးက လကုန်ရင် ပြန်လာမှာတဲ့..."
ကြယ်လေးက စုပ်လက်စ ချိုချဉ်ကိုငုံရင်း
ခေါင်းလေး တစ်ခါခါနဲ့ပြောတယ်..။ဆံပင်ကို ကုတ်ဝဲပုံညှပ်ပေးလိုက်တည်းက ကြယ်လေးတစ်ယောက်
ခေါင်းကိုအငြိမ်မထားတော့တာပဲဖြစ်တယ်..။"လက ဘယ်နေ့ကုန်မှာလဲ.."
သူ့ဘက်ကို
ခေါင်းလေးငဲ့လို့ မေးပြန်တယ် ..။"မသိဘူးလေ.."
သူ့ရဲ့အူလည်လည် အဖြေမှာ
ကြယ်လေးတစ်ယောက်
နှုတ်ခမ်းလေး မဲ့သွားတယ်..။
ပြီးတော့ ကုန်သွားပြီဖြစ်တယ့်
ချိုချဉ်ပိုက်တံကို သူ့လက်ထဲထည့်လိုက်ပြီး
ခပ်တိုးတိုးပြောတယ်..။
"ကောင်လေးသာဆို သိမှာ.."တဲ့ပြီးတော့ ကွပ်ပျစ်ပေါ်ကနေ
ဖတ်ခနဲ ခုန်ဆင်းရင်း
ဆိုင်ဘက်ကို ချာခနဲလှည့်ထွက်သွားတယ်..။
ဝဲခနဲ ဖြစ်သွားတယ့်ဆံပင်တိုလေးရယ် ..
ရဲရဲနီနေတယ့် ဂါဝန်ကားကားလေးရယ်..။ဒင်းလေးသာ အရွယ်ရောက်လာရင် ..
တွေးရင်းနဲ့ အစ်မလင်းအစား
ရင်လေးလှပါတယ်...။တကယ်တမ်းကျ ကြယ်လေးရဲ့အဖေကို
သူနဲ့ရိပေါ်တောင်
နှစ်ခါပဲ မြင်ဖူးတာရယ်..။စစ်ဝတ်စုံနဲ့
ဒီဆိုင်ရှေ့မှာပဲ တစ်ခါ..နောက်တစ်ခါကကျ
အစ်မလင်းတစ်ယောက်
အဲ့ဒီလူဓာတ်ပုံကြီးကို ပိုက်လို့
မျက်ရည်တွေတွေ
ကျခဲ့တယ့်နေ့က ဖြစ်တယ်..။ရိပေါ်ကတော့ပြောတယ်..။
"ကြယ်လေးက ဘာမှနားလည်သေးတာမှ
မဟုတ်တာ..ကြာရင် မေ့သွားမှာပါ.." တဲ့ခပ်ဝေးဝေးတောင် ရောက်နေပြီဖြစ်တယ့်သူ့ကို နောက်ကျောဘက်ဆီကနေ
လှမ်းအော်ပြောသံ ကြားရတယ်..။"လက ကုန်တော့မှာ....တဲ့.."
ကြယ်လေးရဲ့အသံ ဖြစ်တယ်..။
