[UNICODE]
ဘုန်းကြီးကျောင်းဆီမှ အုန်းမောင်းခေါက်သံ
ကိုပင် မကြားနိုင်သည်အထိ မိုးကသည်းနေခဲ့သည်။ မိုးတိတ်ချိန်တွင် သူရိယနေဝန်းက အရှေ့အရပ်တွင် ထွက်ပြူစပြုနေပြီဖြစ်သည်။ သစ်ပင်များ၏ သစ်ရွက် ၊ သစ်ကိုင်းများပေါ်မှ ရေစက်များကမူ တစ်စက်ချင်းကျနေဆဲဖြစ်သည်။
နေအရောင်နှင့် မိုးရေစက်လက်ကျန်များက ရောစွက်နေရကား ယနေ့နံနက်ခင်းက
တစ်လက်လက်ပင်တောက်ပနေသည်။အပြင်မှ အခန်းတွင်းသို့ ခွက်တစ်ခွက် ကိုင်လျက် သုန္ဓက ခြေသံပင် မထွက်ပဲ ဝင်လာသည်။ ပြတင်းမှ တဆင့် နံနက်ခင်းနေမင်းကို ကြည့်ပြီးနောက် အိပ်ယာပေါ်တွင် အိပ်မောကျနေဆဲဖြစ်သည့် စောယွန်းကို နှိုးရန် ဟန်ပြင်သည်။
"ပီအိုက်၊ ထပါဦး။"
စောယွန်းက တစ်ခုခုကို ရေရွတ်လိုက်ပြီး ဘေးစောင်းအိပ်သည်။ သုန္ဓက လက်ထဲတွင်
ကိုင်ထားသည့် ခွက်ကို ဘေးတွင်ချကာ စောယွန်းကို လက်မောင်းနှစ်ဖက်မှ ကိုင်၍ ထူမလိုက်သည်။"၅ မိနစ်ပဲ၊ ၅ မိနစ်ပဲ အိပ်ပါရစေ။"
သုန္ဓက စောယွန်း၏ ကျောပြင်ကို လက်တစ်ဖက်ဖြင့် ထိန်းကိုင်လျက် ကျန်လက်တစ်ဖက်ဖြင့်
ခွက်ကို ကိုင်ကာ စောယွန်း၏ နှုတ်ခမ်းများဆီသို့ ခွက်အား မြောက်လိုက်သည်။"ပီအိုက်၊ ပါးစပ်ကို နည်းနည်းဟပါဦး။"
မျက်လုံးများကို စုံမှိတ်လျက် စောယွန်းက ပါးစပ်ဟလိုက်သည်။ သုန္ဓက ခွက်ထဲမှ ရေကို
စောယွန်းအား ဖြည်းဖြည်းချင်း သောက်စေသည်။ စောယွန်းက မျက်လုံးမှိတ်ထားရင်း အားလုံးကို သောက်လိုက်သည်။"ဂျင်းနဲ့ ပျားရည်လား ? "
သုန္ဓက အင်းဟုသာ အသံပေးသည်။
စောယွန်းကမူ ရယ်ကျဲကျဲနှင့်ဆိုသည်။"အဟက်ဟက်၊ ကိုရီးယားကား ရိုက်နေတာလား -- ဘာမှမဖြစ်ဘူး၊ ကော်ဖီတစ်ခွက်လောက်သောက်လိုက်ရင် အဆင်ပြေသွားလိမ့်မယ်။"
စောယွန်းက မျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး သူက အသံတိတ်ရယ်သည်။