[UNICODE]
စောယွန်းအခန်းထဲသို့ ပြန်ရောက်သည့်အချိန်တွင် တံခါးဖွင့်သည့်အသံကို ကြားသည့် သုန္ဓက မော့မကြည့်ပဲနှင့် ပြောသည်။
"ပီအိုက် မျက်နှာသစ်တာ ကနေ့ တယ်ကြာတာပဲ၊ ကျွန်ုပ်ဖြင့် ပီအိုက်က ရေတောင်ဖြစ်သွားပြီထင်တာပ။"
စောယွန်းက အစအနောက် နည်းလှသည့် သုန္ဓ၏ မျက်နှာကို တစ်ချက်မျှ ကြည့်ပြီးနောက်
ရယ်လိုက်သည်။"မျက်နှာမသစ်ခင် အကိုဟန်စစ်မင်းနဲ့ စကားပြောနေလို့ပါ။ နောင့်စိုင်း ဗိုက်ဆာနေပြီထင်တယ်။ တောင်းပန်ပါတယ်။"
သုန္ဓက ဖတ်လက်စ ပေစာထုပ်ကို အခြားပေစာထုပ်များနှင့်အတူ စားပွဲပေါ်တွင် သပ်ရပ်စွာ စီပြီးနောက် အသပြာ အိတ်ကို ယူကာ ခါးတွင် ချည်လိုက်သည်။
"မနက်စောစော စစ်သူကြီးက ကျောင်းတော်ကို ဘာကိစ္စရှိလို့လာတာများလဲ ?"
စောယွန်းက သုန္ဓအရှေ့တွင် လက်ဝါးဖြန့်လိုက်သည်။
"သိချင်ရင် ရွှေဒင်္ဂါး ၁၀ ပြားပေး။"
သုန္ဓက အမှန်ပင် ရွှေဒင်္ဂါး ၁၀ ပြားကို
စောယွန်း၏ လက်ထဲသို့ ထည့်ပေးပြီး ပြောတော့လေ ဟူသည့် အကြည့်နှင့် မော့ကြည့်သည်။
စောယွန်းက ရွှေပြားများကို ကြည့်ပြီးနောက် ကြိတ်ရယ်လိုက်ပြီး သုန္ဓ၏ လက်ထဲသို့ ပြန်ထည့်ပေးကာ အင်္ကျီလဲရန်ပြင်သည်။"ဘာရယ်တော့မဟုတ်ပါဘူး။ မနက်ဖြန်ကျရင် အင်းဝကို ပြန်မယ့်အကြောင်းပြောရင်း
လာနှုတ်ဆက်တာပါ။"သုန္ဓထံမှ "ဪ"ဟူသည့် အသံတစ်သံသာ ထွက်လာသည်။ စောယွန်းက ဘောင်းဘီအိတ်ထဲမှ ဆင်စွယ်ရောင်ဘီးကို ထုတ်လိုက်ပြီး သူ မသုံးဖြစ်ခဲ့သည့် ဟန်စစ်မင်းက သူ ကျောင်းတော်သို့ မလာမီ ပေးခဲ့သော ယွန်းဆေးဘူးနှင့်အတူ အိတ်ရှုံ့တစ်လုံးအတွင်း ထည့်လိုက်သည်။
အဝတ်အစားလဲပြီးနောက် စောယွန်းက သုန္ဓဘက်သို့ လှည့်လိုက်ရာ သုန္ဓက သူ၏အနောက်တည့်တည့်တွင် ရောက်နေပြီဖြစ်သည်။
"ပြီးပြီလား။ ကျွန်ုပ်တို့ ဈေးထဲမြန်မြန်သွားကြရအောင် ပီအိုက်။"