[UNICODE]
"ပီအိုက် နောက်ကျတယ်နော်။ "
သုန္ဓက အလွန်တိုးလှသည့် အသံဖြင့်ပြောသည်။
"အင်း ။ အကိုဟန်စစ်က ညစာပါကျွေးလို့
နည်းနည်း နောက်ကျသွားတယ်။"စောယွန်းက လည်တိုင်မှ ပုဝါကို ချွတ်ကာ
အိပ်ယာပေါ်တွင် ထိုင်လိုက်သည်။"ပီအိုက် ကျွန်ုပ်အပေါ် စိတ်များပျက်သွားသလား။"
ရုတ်တရက် မထင်ထားသောမေးခွန်းကြောင့် စောယွန်းက သုန္ဓကို ကြည့်သည်။ သုန္ဓက ပြတင်းအပြင်သို့ မျှော်ကြည့်နေပြီး မျက်နှာက လေအေးများကြောင့် သွေးရောင်ပင်
ပျောက်နေသည်။"ဘာကြောင့် နောင့်စိုင်းကို စိတ်ပျက်ရမှာလဲ ?"
"ဒီနေ့ ကျွန်ုပ်လုပ်ရပ်က မရင့်ကျက်တဲ့ အပြုအမူမျိုး ဖြစ်သွားတယ် မဟုတ်လား? ပီအိုက်ကို
အရင်က ကလေးဆန်တယ်ထင်ခဲ့ပေမယ့် တကယ်တမ်းကျတော့ ပီအိုက်က လူကြီးနေပြီး အရာရာကို ချင့်ချိန်တွေးခေါ်လေ့ရှိတယ်။
ကျွန်ုပ်က လူကြီးဆန်အောင် ကြိုးစားပေမယ့် တကယ်တမ်းကျတော့ ကလေးဆန်လွန်းနေခဲ့တယ်။"သုန္ဓစကားကြားသည့်အခါ စောယွန်းက ပြုံးသည်။
၁၇ နှစ်သားသာရှိသေးသည့် သုန္ဓကား
တစ်ဘဝလုံးတွင် အစ်ကိုကြီး တစ်ဦးအနေဖြင့်
နေခဲ့ရသဖြင့် လူကြီးမဆန်ဆန်အောင် ကြိုးစားခဲ့ရပေလိမ့်မည်။ စောယွန်းက တစ်ဦးတည်းသော သားဖြစ်သော်ငြား အဖေဖြစ်သူက တိုင်ပင်ဖော် တစ်ဖြစ်လဲ အစ်ကို တစ်ယောက်နှင့်လည်း တူသောကြောင့် တစ်စုံတစ်ယောက်ကို မှီခိုအားထားနိုင်သည့် ခံစားချက်က သူ့အားမည်မျှပျော်ရွှင်စေသည်၊ စိတ်အေးစေသည်ကို နားလည်သည်။သုန္ဓကလည်း ပထမဆုံးအကြိမ်အဖြစ်
သူမျှော်ကြည့်ရသည့် လူတစ်ယောက်ဖြစ်နေသည့် စောယွန်းက အခြားလူတစ်ယောက်နှင့် ရင်းနှီးနေခြင်းကို နှစ်မြို့မည်မဟုတ်ပေ။
စောယွန်းက ထိုင်နေရာမှ ထကာ သုန္ဓထိုင်နေသည့် နေရာအထိ လျှောက်သွားပြီး တင်ပါးကို ကြမ်းနှင့်မထိစေပဲ ဒူးတုပ်ကာ ထိုင်လိုက်သည်။